ထိုင်းနိုင်ငံမှာ မကြာခင် ၅၀ဘတ် နဲ့ ၁၀၀ ဘတ်တန် ပေါ်လီမာ (polymer) ငွေစက္ကူအသစ်တွေ ထုတ်ဝေတော့မှာဖြစ်ပါတယ်။ ဒီငွေစက္ကူအသစ်တွေဟာ လက်ရှိသုံးနေတဲ့ စက္ကူပိုက်ဆံတွေထက် ပိုမိုခိုင်ခံ့ပြီး ရေနဲ့ဖုန်ကိုလည်း ခံနိုင်ရည်ရှိတယ်လို့ ထိုင်းဗဟိုဘဏ် (BOT) က ပြောပါတယ်။ဒီငွေစက္ကူ အသစ်တွေကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ BOT အုပ်ချုပ်ရေးမှူး က ကြေညာခဲ့ပါတယ်။
ငွေစက္ကူအသစ်ရဲ့ အားသာချက်များ
ပိုမိုကြာရှည်ခံခြင်း
- အရင်က ထုတ်ခဲ့တဲ့ ၂၀ ဘတ်တန် ပေါ်လီမာငွေစက္ကူဟာ စက္ကူပိုက်ဆံထက် ၄ ဆ ပိုခံတဲ့အတွက် အခုထုတ်မယ့် ၅၀ နဲ့ ၁၀၀ ဘတ်တန်တွေလည်း ပိုမိုကြာရှည်ခံမယ်လို့ ဆိုပါတယ်။
- ပိုက်ဆံအသစ်တွေ ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကိုလည်း လျှော့ချနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
လုံခြုံရေး ပိုကောင်းခြင်း
- ငွေစက္ကူအတုတွေ ထုတ်လုပ်လို့မရအောင် လုံခြုံရေးစနစ်တွေ တိုးမြှင့်ထားပါတယ်။
- ပိုက်ဆံမှာ နှစ်ဖက်မြင်နိုင်တဲ့ အကြည်ပြတင်းပေါက်၊ အရောင်ပြောင်းတဲ့ မှင်နဲ့ ဖောင်းကြွနံပါတ်တွေ ပါဝင်ပါတယ်။
မြင်နိုင်စွမ်းမရှိသူများအတွက် အထောက်အကူပြုခြင်း
- မြင်နိုင်စွမ်းမရှိသူတွေအတွက် ပိုက်ဆံတန်ဖိုးကို သိနိုင်အောင် Braille စနစ်နဲ့ ဖောင်းကြွသင်္ကေတတွေ ထည့်သွင်းထားပါတယ်။
- ပိုက်ဆံရဲ့ အစွန်းနှစ်ဖက်မှာလည်း ဖောင်းကြွမျဉ်းအစောင်းတွေ ပါဝင်တဲ့အတွက် လက်နဲ့ ထိတွေ့ရုံနဲ့ ဘယ်နှဘတ်တန်လဲဆိုတာ ခွဲခြားသိရှိနိုင်ပါတယ်။
ဒီငွေစက္ကူအသစ်တွေကို ဘဏ်တွေနဲ့ ATM စက်တွေကနေ ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပြီး လက်ရှိသုံးနေတဲ့ စက္ကူပိုက်ဆံတွေကိုလည်း ဆက်လက်အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ The Nation မှာဖော်ပြထားပါတယ်။