ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဒေသ၊ ဆူရင်ခရိုင်မှာ အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားလေးတစ်ဦးဟာ ကျောင်းမှာ အလံတင်အခမ်းအနားပြီးဆုံးလို့ ဝတ်စုံလဲနေတုန်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့မိခင်နဲ့အတူ တရားမဝင် ဝင်ရောက်လာသူအဖြစ် ရွာသားတွေက တိုင်ကြားခဲ့လို့ပါ။ ကလေးငယ်ဟာ ကမ္ဘောဒီးယားနိုင်ငံသား မိခင်နဲ့ ထိုင်းနိုင်ငံသား ဖခင်တို့ကနေ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံမှာပဲ ၁၃ နှစ်လုံး ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးငယ်ကို အကျဉ်းခန်းထဲ ထိန်းသိမ်းထားပြီး ကမ္ဘောဒီးယားကို ပြန်လည်ပြည်နှင်ဒဏ်ပေးဖို့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးနောက် လူအများရဲ့ စိတ်ဝင်စားမှုနဲ့ စာနာမှုကို ရရှိခဲ့ပြီး အစိုးရခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ဝင်ရောက်ဖြေရှင်းပေးဖို့ ကြိုးပမ်းလာကြပါတယ်။
ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ဒီကိစ္စဟာ စိတ်ထိခိုက်စရာကောင်းပြီး အစိုးရအနေနဲ့ လူသားချင်းစာနာမှုကို အလေးထားကြောင်း ပြောကြားခဲ့ပါတယ်။ ဥပဒေအရ မိခင်ကို နိုင်ငံကနေ ပြန်ပို့ရမှာဖြစ်ပေမဲ့ အသက် ၁၅ နှစ်အောက် ကလေးငယ်ကိုတော့ ဥပဒေက အကာအကွယ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်တည်းကို ထားခဲ့ဖို့ကလည်း ခက်ခဲတဲ့အတွက် သက်ဆိုင်ရာဌာနတွေကို ဥပဒေနဲ့အညီ အကောင်းဆုံးဖြေရှင်းပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးကလည်း ဒီကိစ္စကို အစိုးရအနေနဲ့ လူသားချင်းစာနာမှုအပေါ် အခြေခံပြီး ကိုင်တွယ်ဖြေရှင်းနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ကျောင်းသားလေးကို ပညာရေးဌာနက အရင်ကတည်းက စောင့်ရှောက်ခဲ့ကြောင်းနဲ့ အကယ်၍ ဥပဒေနဲ့အညီ ကျောင်းပြန်တက်နိုင်မယ်ဆိုရင် ဆက်လက် စောင့်ရှောက်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီကိစ္စကို နယ်စပ်ပဋိပက္ခနဲ့ ရောထွေးမမြင်ကြဖို့ ပြည်သူတွေကိုလည်း တောင်းဆိုခဲ့ပါတယ်။
တစ်ချိန်ထဲမှာပဲ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကလေးငယ် ပြည်နှင်ဒဏ်မခံရအောင် ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ဆန္ဒကို မေးမြန်းပြီး သူက ဆန္ဒအလျောက် ပြန်သွားလိုခြင်းမရှိပါက ဒါဟာ တရားမဝင် အဓမ္မပြည်နှင်ဒဏ်ပေးမှု ဖြစ်တဲ့အတွက် တရားရုံးကို တင်ပြလွှာတင်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ ရှင်းပြခဲ့ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။