ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့ဖြစ်တဲ့ NESDC က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဒုတိယ ၃ လပတ်မှာ အလုပ်အကိုင်တွေ အနည်းငယ်တိုးလာပေမယ့် အလုပ်သမားတွေရဲ့ ပျမ်းမျှလစာကတော့ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်နဲ့ လစာ အခြေအနေ
အလုပ်အကိုင် ၀.၀၂% တိုးလာပြီး အထူးသဖြင့် စိုက်ပျိုးရေးမဟုတ်တဲ့ကဏ္ဍမှာ အလုပ်အကိုင် ၀.၄% တိုးလာပါတယ်။ လစာ ကတော့ ၁.၉% ကျဆင်းသွားပါတယ်။ အလုပ်အကိုင်တိုးလာပေမယ့် လစာကျဆင်းသွားတာဟာ စီးပွားရေးမရေရာမှုကြောင့် ကုန်ကျစရိတ်လျှော့ချဖို့အတွက် လုပ်ငန်းတွေက အမြဲတမ်းဝန်ထမ်းတွေအစား ယာယီဝန်ထမ်း တွေကို ပိုပြီး ခန့်လာလို့ ဖြစ်ပါတယ်။
အလုပ်သမားဈေးကွက်မှာ ဒီလိုပြောင်းလဲမှုတွေအပြင် စိုးရိမ်စရာ အချက် (၄) ချက်လည်း ရှိနေပါတယ်။
၁။ ပြည်ပလုပ်သား ရှားပါးမှု
အလုပ်လုပ်ခွင့်သက်တမ်းမတိုးကြတဲ့ နိုင်ငံခြားသားအလုပ်သမား ၃၈၈,၀၀၀ ရှိတာကြောင့် ဆောက်လုပ်ရေး၊ စက်ရုံနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်သားရှားပါးမှု ဖြစ်လာနိုင်ပါတယ်။
၂။ အလုပ်ခန့်ထားပုံ ပြောင်းလဲမှု
စီးပွားရေးမတည်ငြိမ်မှုကြောင့် ထိုင်းလုပ်ငန်းတွေရဲ့ ၂၅% ဟာ ဝန်ထမ်းတွေ လျှော့ချဖို့နဲ့ လုပ်ငန်းဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ စီစဉ်နေပြီး အမြဲတမ်း ဝန်ထမ်းအစား ယာယီ ဒါမှမဟုတ် အချိန်ပိုင်းဝန်ထမ်းတွေကို ပိုပြီး ခန့်အပ်လာကြပါတယ်။ ဒီလိုပြောင်းလဲမှုဟာ အလုပ်သမားတွေရဲ့ အလုပ်အကိုင် ခိုင်မာမှု၊ ဝင်ငွေနဲ့ တရားဝင်အခွင့်အရေးတွေကို ထိခိုက်စေနိုင်ပါတယ်။
၃။ အလုပ်ခွင်ထိခိုက်မှုများ
အလုပ်ခွင်မှာ ထိခိုက်မှုတွေ တိုးလာနေပြီး လက် ဒါမှမဟုတ် ခြေထောက်ဆုံးရှုံးတာမျိုးကတောင် အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးအခြေအနေကို ဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ ဘေးကင်းရေးကို ပိုအလေးထားသင့်ပြီး ထိခိုက်မှုရှိတဲ့ အလုပ်သမားတွေကို လုံလောက်တဲ့ လျော်ကြေးပေးဖို့လည်း လိုအပ်ပါတယ်။
၄။ အမေရိကန်ရဲ့ အခွန်တိုးမြှင့်မှု
အမေရိကန်က ထိုင်းကုန်ပစ္စည်းတွေအပေါ် အခွန်အမျိုးမျိုး ကောက်ခံတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ ပြည်ပဈေးကွက်မှာ ယှဉ်ပြိုင်ရခက်လာပြီး အလုပ်အကိုင်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
သတင်း – matichon