ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ထဲက စက်မှုဇုန်တစ်ခုမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွါးခဲ့ပြီး မြန်မာ ၄၃ အပါအဝင် နိုင်ငံခြားသားအလုပ်သမား ၅၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးဟာ နိုင်ငံတစ်ဝန်း တရားမဝင် အလုပ်သမားတွေကို နှိမ်နင်းဖို့ ရဲချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။သြဂုတ်လ ၉ ရက်နေ့က ခရီးသွားရဲတပ်ဖွဲ့နဲ့ စုံစမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီး သတင်းအချက်အလက်တွေအရ ချွန်ဘူရီပြည်နယ်တရားရုံးကနေ ရှာဖွေဝရမ်းရယူကာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၁၄ ဦး၊ မြန်မာနိုင်ငံသား ၄၃ ဦး နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ပါမစ် မရှိကြဘူးလို့ သိရပါတယ်။ စစ်ဆေးမှုတွေအရ တရုတ်နိုင်ငံသား ၁၄ ဦးက ခရီးသွားဗီဇာနဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၄၄ ဦးကတော့ တရားမဝင် ဝင်ရောက်နေထိုင်တာအပြင် အလုပ်ပါ လုပ်ကိုင်နေတာလို့ သိရပါတယ်။ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားအလုပ်သမားတွေကို တွေ့ရှိခဲ့ရပြီး တချို့က ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ နောင်ရိုင် ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အလုပ်ရှင်တွေနဲ့ တခြားပတ်သက်သူတွေကိုပါ ဆက်လက်စုံစမ်းနေတယ်လို့ Thaiger သတင်းမှာ ဖော်ပြထားပါတယ်။