ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံထဲမှာ အလုပ်သမားပြတ်လပ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအသစ်တွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားသား အလုပ်သမား ဘယ်လောက် လိုအပ်တယ်ဆိုတာကို စာရင်းကောက်ခံနေပါတယ်။ ဒီအချက်အလက်တွေရရင်တော့ အလုပ်သမားအသစ် ၄၂,၀၀၀ ခန့်ကို လက်ခံနိုင်မယ်လို့ ခန့်မှန်းထားကြောင်း အလုပ်သမားဝန်ကြီး ဖုန်ကဝင်က ပြောကြားခဲ့ပါတယ်။
“ဒီတစ်ကြိမ်လုပ်ဆောင်ချက်ဟာ ရေတိုအလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ဖို့သာမကဘဲ၊ လက်ရှိ နိုင်ငံခြားသားအလုပ်သမားတွေကို စနစ်အတွင်း တရားဝင်ဝင်ရောက်လာစေဖို့နဲ့ ထိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့ သင့်လျော်တဲ့ တခြားနိုင်ငံတွေက နိုင်ငံခြားသားအလုပ်သမားတွေကို ရွေးချယ်တင်သွင်းနိုင်ဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်”လို့ ဝန်ကြီးကပြောပါတယ်။
တရားဝင် မှတ်ပုံတင်ခွင့်နဲ့ အလုပ်သမားတင်သွင်းမှု အစည်းအဝေးမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံသားတွေထဲက ထိုင်းနိုင်ငံမှာ ရောက်နေပေမယ့် တရားဝင် အလုပ်လုပ်ခွင့် မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ပေးဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ တရားဝင် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ နိုင်ငံခြားသား အလုပ်သမားတွေ ပြတ်လပ်နေပြီး၊ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံကနေ MOU စနစ်နဲ့ အလုပ်သမားတွေ လာလို့မရတာကြောင့် ပြဿနာက ပိုဆိုးလာတယ်လို့ ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။