ချင်းမိုင်မြို့မှာ တရုတ်လူမျိုးတွေကို လိမ်လည်နေတဲ့ ကြီးမားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ နိုင်ငံခြားသား ၁၈ ဦး ဖမ်းမိခဲ့ပြီး တရုတ်လူမျိုး ၁၂ ဦးနဲ့ မြန်မာလူမျိုး ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။ချင်းမိုင်ခရိုင်တရားရုံးမှ ထုတ်ပေးထားတဲ့ ဖမ်းဝရမ်းအရ နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့က ဇိမ်ခံအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှ အခုလိုဖမ်းဆီးရမိခဲ့တာပါ။
၎င်းဇိမ်ခံအိမ်ကို တရုတ် ကောလ်စင်တာဂိုဏ်းက လုပ်ငန်းလည်ပတ်ဖို့ အသုံးပြုနေတာ ဖြစ်ပြီး အိမ်ထဲကနေ ကွန်ပျူတာ ၈ လုံး၊ ဖုန်း ၃၂ လုံးနဲ့ ဆင်းမ်ကတ်တွေ အများကြီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတွေဝင်လာတဲ့အချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာကြောင့် အချို့ဆိုရင် အိမ်ရဲ့ ဒုတိယထပ်ကနေ ခုန်ချခဲ့ကြလို့ ၈ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဆို ခြေထောက်ကျိုးလို့ ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူအားလုံးကိုတော့ ရဲတွေက ပြန်ဖမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိတဲ့ တရုတ်လူမျိုးတွေဟာ ထိုင်းကို ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ ရောက်လာကြသူတွေအပြင် တရားမဝင် ဝင်ရောက်လာသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ဟာ ဒီအိမ်ကို ၃ လလောက် ငှားထားပြီး အိမ်ထဲမှာပဲ အိပ်၊ စား၊ နေထိုင်ပြီး တစ်နေ့ ၂၄ နာရီလုံးလုံး အလုပ်လုပ်ခဲ့ကြတာပါ။ သူတို့ရဲ့ အဓိကအလုပ်ကတော့ တရုတ်လူမျိုးအချင်းချင်းကို အွန်လိုင်းက ပစ္စည်းတွေရောင်းတယ်ဆိုပြီး လိမ်တာ၊ လေကြောင်းလိုင်းနဲ့ ဘဏ်ပြဿနာတွေ ဖြေရှင်းဖို့ဆိုပြီး ငွေလွှဲခိုင်းတာ၊ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ်အကောင့်နံပါတ်တွေ ရဖို့ ဖုန်းခေါ် ပြီး လိမ်တာမျိုးတွေ လုပ်ခဲ့ကြပြီးOTP နံပါတ်တွေကို လိမ်ညာတောင်းယူကာ ဂိုဏ်းရဲ့ အကောင့်တွေထဲကို ပိုက်ဆံလွှဲခဲ့ကြတာလို့ ဆိုပါတယ်။
စုံစမ်းမှုတွေအရ ဖမ်းမိတဲ့သူတွေဟာ တစ်ဦးလျှင် တစ်လကို ယွမ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ (ထိုင်းဘတ်ငွေ ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ လောက်) အထိ လစာရရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ အခုလက်ရှိမှာ ၎င်းတို့ကို ငှားရမ်းထားတဲ့သူတွေနဲ့ နိုင်ငံဖြတ်ကျော် ဆက်စပ်နေတဲ့ ကွန်ရက်တွေကိုပါ ဆက်လက်စုံစမ်းနေပြီး နိုင်ငံတကာက နာမည်ကြီး ဆိုက်ဘာရာဇဝတ်မှု အဖွဲ့အစည်းကြီးတွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သတင်း – ch7