ဇူလိုင် ၂၄ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဈေးတစ်ခုမှာ မြန်မာလုပ်သားနှစ်ဦးကို ထိုင်းအမျိုးသားတစ်စုက ကမ္ဘောဒီးယားလူမျိုးအထင်နဲ့ ရိုက်နှက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ရဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ထိုင်းအွန်လိုင်း အသုံးပြုသူတွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
Facebook စာမျက်နှာတစ်ခုကနေ ဒီဖြစ်စဉ်ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေခဲ့ပြီးနောက် လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။ ဗီဒီယိုဖိုင်မှာ တိုက်ခိုက်သူအုပ်စုက လိမ္မော်ရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ လုပ်သားနှစ်ဦးထံ ချဉ်းကပ်ကာ ၎င်းတို့ရဲ့ ဇာတိကို မေးမြန်းခဲ့ပြီး ပြန်မဖြေဆိုနိုင်ခင်မှာ အလုပ်သမားနှစ်ဦးအနက် တစ်ဦးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။ အထိုးခံရသူမှာ လဲကျသွားခဲ့ပြီးနောက် အနီရောင်ရှပ်အင်္ကျီနဲ့ ထိုင်းအမျိုးသားတစ်ဦးက ၎င်းတို့ရဲ့ နိုင်ငံသားဖြစ်မှုကို ထပ်မံမေးမြန်းခဲ့ပြီး မြန်မာဖြစ်ကြောင်း ပြောပြသောအခါ “အိုကေ၊ ကမ္ဘောဒီးယား မဟုတ်ဘူးနော်” ဟု ပြောကာ ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်ခံရတဲ့ မြန်မာလုပ်သားတွေရဲ့ မန်နေဂျာက ခန်နာယာယိုရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ၎င်းအနေနဲ့ ထိုင်းနိုင်ငံသားတွေကို အခုလိုမျိုး အကြမ်းဖက်မှုတွေ မလုပ်ကြဖို့နဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ဘယ်လို ပဋိပက္ခမှာမှ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာကိုလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်သူအုပ်စုဟာ ဒီမတိုင်ခင်ကလည်း ကမ္ဘောဒီးယားလုပ်သားတစ်ဦးကို ပါးရိုက်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း သူတို့ဟာ လူမှုကွန်ရက်ကနေ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – thaiger