ထိုင်းအိမ်ထောင်စုတွေရဲ့ ကြွေးမြီပမာဏတွေ အလွန်မြင့်မားနေတဲ့အတွက် အိမ်ခြေမြေဈေးကွက် ပြိုလဲမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ အိမ်ထောင်စု ကြွေးမြီပမာဏဟာ GDP ရဲ့ ၉၀% အထိ ရောက်နေတာ ဖြစ်ပါတယ်။
၂၀၂၅ခုနှစ် ပထမသုံးလပတ်မှာ အိမ်ရာချေးငွေက ဘတ်ငွေ ၆ ထရီလီယံနီးပါး ရှိနေပြီး မဆပ်နိုင်တဲ့ချေးငွေ (NPL) တွေလည်း များပြားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေးနှေးကွေးမှုကြောင့် ချေးငွေငြင်းပယ်မှုနှုန်း ၄၅% ကျော် မြင့်တက်လာပြီး အိမ်ရာရောင်းအားကလည်း သုံးလတစ်ကြိမ်ကို ၂၀%ကနေ ၃၀% ထိ ကျဆင်းနေတယ်လို့ ဆိုပါတယ်။
ချေးငွေ အကြပ်အတည်း
အိမ်ခြံမြေလုပ်ကိုင်သူတွေအနေနဲ့ ဘတ်ငွေ ၉၅ ဘီလီယံဖိုး ကုမ္ပဏီချေးငွေ (Corporate bong) တွေအတွက် ပြန်ဆပ်ဖို့ အခက်အခဲကြုံနေရပြီး သူတို့ရဲ့ ဝင်ငွေနဲ့ ငွေကြေးစီးဆင်းမှုတွေဟာ ပြင်းပြင်းထန်ထန် ထိခိုက်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် အိမ်ခြံမြေ လုပ်ကိုင်သူတွေ အပါအဝင် အစိုးရနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
အိမ်ခြံမြေလုပ်ကိုင်သူများအနေနဲ့
လက်ရှိ ငွေကြေး စီးဆင်းမှုတွေကို စီမံခန့်ခွဲတာအပြင် ပရိုမိုးရှင်းတွေ၊ လျှော့စျေးတွေနဲ့ မြန်မြန်ဆန်ဆန် ရှင်းလင်းပြီး ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (REITs) အဖြစ်ပြောင်းလဲတာ ဒါမှမဟုတ် ချေးငွေအပေါင်အဖြစ် အသုံးပြုတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။ ကုန်ကျစရိတ်တွေလျှော့ချဖို့ ပရောဂျက်အသစ်တွေကို ရွှေ့ဆိုင်းပြီး လက်ရှိပရောဂျက်တွေကို အပြီးသတ်နိုင်ဖို့ အာရုံစိုက်ဖို့လည်း လိုအပ်ပါတယ်။
အစိုးရအနေနဲ့
အိမ်ခြံမြေကဏ္ဍကို ကူညီဖို့အတွက် ရောင်းမထွက်သေးတဲ့ အိမ်ခြံမြေတွေကို အပေါင်ထားပြီး နိုင်ငံပိုင်ဘဏ်တွေကနေ အတိုးနှုန်းနိမ့်ချေးငွေ (soft loan) တွေ ထုတ်ပေးတာမျိုး အပြင် အခွန်သက်သာခွင့်တွေနဲ့ အိမ်ရာချေးငွေအာမခံပေးတာ ၊ အလုပ်အကိုင်တွေ ဖန်တီးပေးပြီး အိမ်ထောင်စုကြွေးမြီတွေကို ဖြေရှင်းဖို့ အထူးစီမံကိန်းတွေ လုပ်ဆောင်တာမျိုးတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
ဘဏ္ဍာရေးအဖွဲ့အစည်းများအနေနဲ့
ချေးငွေစည်းကမ်းတွေ ဖြေလျှော့ပေးပြီး developer တွေကို ရန်ပုံငွေထောက်ပံ့ကာမဆပ်နိုင်တဲ့ချေးငွေ
NPL တွေကို ချက်ချင်းကိုင်တွယ်ဖြေရှင်းတာမျိုးနဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကို တိုးမြှင့်ဖို့ ဘဏ်မဟုတ်တဲ့ ချေးငွေထုတ်ပေးသူတွေကိုလည်း အားပေးသင့်ပြီး ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေမရှိရင် ထိုင်းအိမ်ခြံမြေဈေးကွက်ဟာ ရပ်တန့်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref : thenation