ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာလုပ်သား သန်းနဲ့ချီဟာ လုံခြုံမှုမရှိဘဲ ရှင်သန်နေကြရပြီး ထိုင်းရဲတွေရဲ့ နှောင့်ယှက်ခြိမ်းခြောက်မှု နဲ့ ခေါင်းပုံဖြတ်မှု တွေကို အမြဲတစေ ရင်ဆိုင်နေရတယ်လို့ Human Rights Watch (HRW) အစီရင်ခံစာက ထောက်ပြလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ကနေ ထွက်ပြေးလာသူတွေထဲမှာ ထိုင်းကိုရောက်နေသူတွေရဲ့ ထက်ဝက်နီးပါးဟာ တရားဝင် စာရွက်စာတမ်း မရှိကြသူတွေပါ။
အစီရင်ခံစာအရ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ကြုံနေရတဲ့ အဓိက အခက်အခဲတွေအနေနဲ့
ပူပန်နေရခြင်း
- တရားဝင် စာရွက်စာတမ်း မရှိတဲ့အတွက် ခေါင်းပုံဖြတ်ခံရဖို့နဲ့ အနိုင်ကျင့်ခံရဖို့ လွယ်ကူနေပါတယ်။ ဘယ်အချိန်မဆို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး၊ ထိန်းသိမ်းပြီး နှင်ထုတ်ခံရမှာကို အမြဲတမ်း စိုးရိမ်နေကြရပါတယ်။
ငွေညှစ်ခံရခြင်း
- အာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေကို မကြာခဏ ရပ်တန့်စစ်ဆေးပြီး လာဘ်ထိုးဖို့ ငြင်းဆန်ရင် ဖမ်းဆီးထိန်းသိမ်းမယ်၊ နေရပ်ပြန်ပို့မယ် ဆိုပြီး ခြိမ်းခြောက်ကာ ငွေညှစ်လေ့ရှိပါတယ်။ ဝင်ငွေနည်းတဲ့သူတွေအတွက်ဆိုရင် ဒီငွေကြေးပမာဏဟာ တော်တော်များပါတယ်။ အထူးသဖြင့် မြန်မာနယ်စပ်အနီးက မဲဆောက်လိုမျိုး မြို့တွေမှာ ဒီလိုလုပ်ရပ်တွေဟာ ပိုပြီး ပျံ့နှံ့နေပြီး၊ အာဏာပိုင်တွေက မြန်မာနိုင်ငံသားတွေကို “လမ်းလျှောက် ATM စက်တွေ” လို့တောင်ခေါ်ကြပါတယ်။
တရားမဝင် “ရဲကတ်” များ ရောင်းချခြင်း
- ထိုင်းလုံခြုံရေးဝန်ထမ်းတွေက တရားမဝင် ရဲကတ်တွေကို ရောင်းချတဲ့ စနစ်တကျ ငွေညှစ်မှုမျိုးတွေမှာ ပါဝင်နေပါတယ်။ ဒါတွေဟာ စာရွက်စာတမ်း အထောက်အထား ရဖို့ ဒါမှမဟုတ် ဖမ်းဆီးခံရတာကို ရှောင်ဖို့ ကြိုးစားနေတဲ့ မြန်မာတွေအတွက် ရည်ရွယ်တာပါ။ ဒါပေမယ့် ဒီလို ရဲကတ်လိုမျိုး တရားမဝင် ကတ်တွေအတွက် လစဉ်ကြေး ပေးရပေမဲ့လည်း ဖမ်းဆီးခံရတာကနေ လုံးဝ ကာကွယ်မှု မပေးနိုင်ပါဘူး။
သွားလာမှု ကန့်သတ်နေရခြင်း
- ဖမ်းဆီးခံရပြီး နှင်ထုတ်ခံရမယ့် အမြဲတမ်းခြိမ်းခြောက်မှုအောက်မှာ နေထိုင်ရတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ ရဲနဲ့ အခြား ခေါင်းပုံဖြတ်လိုတဲ့ အာဏာပိုင်တွေရဲ့ မျက်စိအောက်ကနေ လွတ်မြောက်ဖို့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပြီး ပုန်းအောင်းနေထိုင်ကြရပါတယ်။
နေရပ်မပြန်ရဲခြင်း
- ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် မိခင်နိုင်ငံကို ဘေးကင်းကင်း မပြန်နိုင်ဘဲ ထိုင်းမှာပဲ မရေမရာ ဘဝနဲ့ ခက်ခက်ခဲခဲ နေထိုင်နေကြရတာပါ။