ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၊ စန်ကမ်ဖိုင်ခရိုင်မှာ ဇူလိုင်လ ၃ ရက်နေ့က တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ အလုပ်ပေးသူထိုင်းလူမျိုးတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့က ပူးပေါင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးရာမှာ အလုပ်ရှင်အနေနဲ့ မြန်မာအလုပ်သမား ၂ ဦးကို အိမ်အကူနဲ့ ဥယျာဉ်စောင့်အဖြစ် အလုပ်လုပ်ကိုင်ရန်အတွက် ၆ လခန့်ငှါးရမ်းခဲ့တာဖြစ်ပြီး တစ်ဦးလျှင် လစာ ၁၀,၅၀၀ ဘတ်ဖြင့် အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား ၂ ဦးဟာ အခြားထိုင်းအလုပ်ရှင်တစ်ဦးနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် လိုင်စင်ရှိသော်လည်း လက်ရှိအလုပ်ရှင်ထံသို့ ပြောင်းရွှေ့ရာမှာ ၁၅ ရက်အတွင်း မှတ်ပုံတင်ရုံးသို့ အကြောင်းကြား ဆောင်ရွက်ထားခြင်းမရှိတာကြောင့် အခုလိုဖမ်းဆီးခံခဲ့ရတာပါ။
ထိုင်းလူမျိုးအလုပ်ရှင်အနေနဲ့လည်း အလုပ်သမား ၂ ဦးကို ငှားရမ်းထားတာကို ဝန်ခံခဲ့ပြီး နိုင်ငံခြားအလုပ်သမားတွေကို သက်ဆိုင်ရာကို တရားဝင်အသိမပေးပဲ အလုပ်ခန့်ထားတာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ ဖမ်းဆီးခံရသူတွေကို တာဝန်ရှိအရာရှိများထံသို့လွှဲပြောင်းပြီး ဥပဒေအရဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး သတင်းအရ သိရပါတယ်။