ထိုင်းနိုင်ငံ ၊ကော့ဖငန်းခရိုင် ၊ဆူရတ်သနီ ပြည်နယ်၊ ကိုတောင်ကျွန်းပေါ်က သန္တာကျောက်တန်းတွေပေါ်မှာ ညဘက် ငါးသွားဖမ်းတဲ့ မြန်မာလူငယ်နှစ်ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညက ကိုတောင်ကျွန်းက ချလုတ်ဘန်ဟောင်းပင်လယ်အော်မှာ သန္တာကျောက်တန်းထဲကို လူတွေဝင်နေကြောင်း လူတစ်ဦးက သတင်းပေးတာကြောင့် ပင်လယ်ရေကြောင်းနဲ့ ကမ်းရိုးတန်းဦးစီးဌာန (DMCR) နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ချက်ချင်းသွားစစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ဆေးကြည့်ရာမှာ သန္တာကျောက်တန်းတွေပေါ်မှာ လျှောက်သွားနေတဲ့ မြန်မာလူငယ်နှစ်ယောက်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ဆီမှ သန္တာကျောက်တန်းထဲမှာ နေတဲ့ငါးအသေကောင်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေက ဖမ်းဆီးခံရသူ ၂ ဦးကို ခေါ်ယူစစ်ဆေးပြီး သက်ဆိုင်ရာဥပဒေတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာလူငယ်နှစ်ယောက်ကို ကိုတောင်ရဲစခန်းမှာ ခေါ်ယူသတိပေးပြီး နောက်ထပ်လိုအပ်ရင် ဆောင်ရွက်ဖို့အတွက် မှတ်တမ်းယူထားတယ်လို့ သိရပါတယ်။
ထိုင်းမှာ ငါးဖမ်းမယ်ဆိုရင် ငါးဖမ်းခွင့်မရှိတဲ့ အဓိကနေရာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ငါးမဖမ်းရကြောင်း အသိပေးထားတဲ့ ကန့်သတ်ဇုန်တွေအပြင် အမျိုးသားဥယျာဉ်နဲ့ ပင်လယ်ဘေးမဲ့တောတွေ၊ ရာသီအလိုက် ပိတ်ထားတဲ့နေရာတွေမှာ ငါးဖမ်းခွင့်မရှိပါဘူး။ ကိုတောင်ကျွန်းလိုနေရာမျိုးမှာတော့ သန္တာကျောက်တန်းတွေအနီး ရေငုတ်သမားတွေ အများအပြားလာရောက်တတ်တာကြောင့် လှံနဲ့ငါးဖမ်းတာမျိုး ခွင့်မပြုပါဘူး။
သတင်း – phuketnews