ထိုင်းနိုင်ငံ ၊ကော့ဖန်ငန်ကျွန်းရှိ ဆေးခြောက်ဆိုင်တစ်ဆိုင်မှာ ခရီးသွားတွေဆီကို တရားမဝင် ရှီရှား (shisha) ရောင်းချနေတဲ့အကြောင်း သတင်းရရှိတာကြောင့် ကြာသပတေးနေ့ညနေက ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီး ၂ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးမှုအတွင်း အသက် ၄၁ နှစ်အရွယ် မစန္ဒာ က ဆိုင်အတွင်းရှိ ဖောက်သည်တွေကို ရေ နဲ့ ရှီရှား ဝန်ဆောင်မှုပေးနေပြီး၊ အသက် ၂၈ နှစ်အရွယ် မသန္တာက ငွေရှင်းကောင်တာတွင် ဖောက်သည်ဝန်ဆောင်မှုနဲ့ ငွေကြေးကိစ္စများဆောင်ရွက်နေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးစလုံးမှာ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ သက်တမ်းရှိတဲ့ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် နဲ့ နိုင်ငံကူးလက်မှတ် ရှိနေသော်လည်း သတ်မှတ်ထားတဲ့အလုပ်အမျိုးအစားနဲ့ မကိုက်ညီတာကြောင့် အခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
မစန္ဒာဆိုသူ ဝန်ထမ်းဟာ အရင်ကလည်း ဒီလိုဖမ်းဆီးခံရဖူးတဲ့အတွက် ယခု စစ်ဆေးခံရချိန်မှာ မြန်မာနိုင်ငံ ပြန်ပို့ခံရမှာ စိုးရိမ်တဲ့အတွက် ငိုကြွေးနေခဲ့ကြောင်း khaosod သတင်းက ဖော်ပြပါတယ်။ သူဟာ တစ်ပတ်ကို လုပ်ခ ၃၀၀၀ ရရှိတယ်လို့ သိရပါတယ်။
မသန္တာဟာ ဆိုင်ပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးကို မတွေ့ဖူးဘဲ ရောင်းရငွေကို ဘဏ်အကောင့်ကတဆင့် နေ့စဉ်လွှဲပေးကြောင်း ဝန်ခံထားပြီး ဆိုင်မှ တစ်ရက်လျှင် ဘတ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့် ဝင်ငွေ ရရှိတယ်လို့လဲ ဆိုပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးမှုအတွင်း ရှီရှားအရည် ၂၃ ထုပ်၊ ရှီရှားအရည် ၅ ဗူး၊ လေးထောင့်ပုံစံ ရှီရှားအရည် ၈ ဗူး၊ ရှီရှားစက် ၇ လုံးနဲ့ ရှီရှားပိုက် ၁၃ ခု တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးကို တရားဝင် လုပ်ကိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်ခြင်းနဲ့ တရားမဝင် ပစ္စည်းရောင်းချခြင်းတို့နဲ့ တရားစွဲဆိုထားပြီး ဆိုင်ပိုင်ရှင်ကိုလည်း တရားစွဲနိုင်ရေးအတွက် စုံစမ်းရေးမှူးများထံ လွှဲပေးထားကြောင်း သိရပါတယ်။
သတင်း – Khaosod
#beaconmyanmar #ဘီကွန်မြန်မာ #ကော့ဖငန် #ဝေါ့ပါမစ်