ဇွန်လအတွင်း မဲဆောက်နဲ့ ချင်းမိုင်မြို့တို့မှာ ဗီဇာသက်တမ်းကုန်တာနဲ့ စာရွက်စာတမ်းမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လူဝင်မှုဦးစီးဌာနနဲ့လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးတာတွေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေပါတယ်။ တရားဝင်စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကို လမ်းပေါ်နဲ့ အလုပ်နေရာတွေမှာ အရင်ကထက် ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် မြန်မာ လုပ်သား များအပြား စိုးရိမ်နေကြရတာပါ။
“သူများနိုင်ငံမှာ စီးပွားရှာရတာ မလွယ်ပါဘူးဗျာ။ သူတို့က စီမံချက်နဲ့ မဟုတ်ရင်တောင် ကိုယ့်ဆိုင်နားက တယောက်ယောက်က တိုင်ရင်လည်း လာစစ်ကြတာပဲ။ ခုလိုအချိန်ကတော့ ပိုပြီးဂရုစိုက်သင့်တယ် ထင်ပါတယ်။”လို့ ချင်းမိုင်မှာ ဆိုင်ဖွင့်ထားတဲ့ မြန်မာတစ်ဦးက ဆိုပါတယ်။
အဖမ်းအဆီးပြင်းထန်လာတာနဲ့အမျှ မြန်မာဝန်ထမ်းအများအပြားအဖမ်းခံနေရတာကြောင့် မဲဆောက်နဲ့ ချင်းမိုင်မှာရှိတဲ့ မြန်မာပိုင်စားသောက်ဆိုင် တစ်ချို့ယာယီပိတ်ထားမယ်လို့ သိရပါတယ်။
မဲဆောက်နဲ့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနတွေရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားချက် အရ အထောက်အထား မစုံလင်တာနဲ့ သူဌေးပြောင်း သတင်းမပို့ဘူး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လေးရက်အတွင်း မြန်မာအလုပ်သမား စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခံခဲ့ရတာကို တွေ့ရှိရပါတယ်။
မဲဆောက်နေ မြန်မာတစ်ဦးက “အဖမ်းအဆီးကတော့မဲဆောက်မှာ ဟိုးအရင်တုန်းကတည်းကလဲ ဒီလိုပါပဲ ဆိုင်ကယ်တွေ ၊ e-bike တွေ ၊ကားတွေဖမ်းတယ်ပေါ့ ဒါပေမယ့် အခုဇွန်လ ၁၀ ရက်ကျော်လောက်ကစပြီး ပိုတင်းတင်းကြပ်ကြပ်လုပ်လာရာကနေ စတာပေါ့။e-bike တွေဖမ်းပြီး နောက်ပိုင်းကျ တစ်ဆက်တည်း မြန်မာဆိုင်တွေ နဲ့ ပြီးရင်အွန်လိုင်းပေါ်မှာရောင်းတဲ့ မြန်မာဆိုင်တွေကိုလည်း ဖမ်းဆီး ကန့်သတ်တာတွေ ရှိလာတယ်။အခုဆို မြန်မာဆိုင် ၁၀ရာခိုင်နှုန်းလောက်ကတော့ ဖွင့်တာလဲကြာပြီ လိုက်ရှင်းပေးနိုင်တဲ့ သူဌေးလည်း ရှိတယ်ဆိုတဲ့ ဆိုင်တွေကတော့ဖွင့်တယ်ပေါ့နော်။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်းသော မြန်မာဆိုင်တွေက မဖွင့်ကြဘူး ။အဖမ်းခံရမှာ စိုးတာကြောင့်ပါ။ အခု မြန်မာတွေက ဘယ်လိုအခက်အခဲတွေဖြစ်နေလဲဆိုတော့ စျေးသွားဝယ်ဖို့တောင် စိုးရိမ်ကြတယ် ပေါ့နော်။ ဆိုင်တွေလည်း စုံစုံလင်လင်မဖွင့်တော့ တချို့ စားသောက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အခက်အခဲ ရှိတဲ့သူတွေ ရှိကြတာပေါ့။ “ လို့ ပြောပါတယ်။
photo : takimmigration