ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တရားဝင်အလုပ်သမားစာရွက်များရှိသော်လည်း အလုပ်ရှင်အသစ်ပြောင်းလဲခြင်းအတွက် သက်ဆိုင်ရာအာဏာပိုင်တွေထံ သတင်းမပေးတာကြောင့် မြန်မာအလုပ်သမား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့က ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နှင့် အခြားသက်ဆိုင်ရာဌာနတွေပူးပေါင်းပြီး ချင်းမိုင်မြို့၊ မောင်စမွတ် လမ်းပေါ်ရှိ မွန်းမိုင်စျေးအတွင်း ဝင်ရောက်စစ်ဆေးရာမှ မြန်မာလုပ်သား ၂ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ဖမ်းဆီးခံရသူတွေအနေနဲ့ အရင်အလုပ်မှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်( work permit) ရရှိထားခဲ့ပေမယ့် လက်ရှိ အလုပ်ရှင်အသစ်သို့ ပြောင်းပြီးနောက် တစ်နှစ်ကျော်ကြာအလုပ်လုပ်နေခဲ့သော်လည်း လုပ်ငန်းပြောင်းလဲမှုအတွက် တရားဝင်အသိပေးမှု မပြုလုပ်ခဲ့တာကြောင့် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာလုပ်သား ၂ ဦးကို အလုပ်ပြောင်းပြီးနောက် ၁၅ ရက်အတွင်း အသိမပေးဘဲ လုပ်ကိုင်နေတာကြောင့် တရားမဝင်အလုပ်လုပ်ကိုင်မှုနဲ့ ချန်းဖူ (Chang Phueak )မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်း – Chiangmai immigration