ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ စည်းကမ်းတင်းကြပ်လာပြီး ဒဏ်ကြေးတွေ တက်သွားချိန်မှာပဲ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအပေါ် တန်းတူအရေးယူမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်လာပါပြီ။
စည်းမျဉ်းသစ်အရ ဦးထုပ်မဆောင်းဘဲမော်တော်ဆိုင်ကယ်စီးသူတွေကို ဒဏ်ကြေး ၂,၀၀၀ ဘတ်အထိ ကောက်ခံနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရေးယူမှုမှာ နိုင်ငံခြားသားတွေအပေါ်သာ ငွေဒဏ်တပ်မှုတွေ ကောက်ခံပေမယ့် ထိုင်းတွေကိုတော့ သတိပေးပြီး ပြန်လွှတ်တယ်ဆိုတာကြောင့် တရားမျှတမှုမရှိဘူးဆိုပြီး ဝေဖန်သံတွေထွက်ပေါ်လာနေတာလို့ Pattya Mail သတင်းက ဖော်ထုတ်ရေးသားထားပါတယ်။
တစ်ချို့က “အရေးယူတာကောင်းပေမယ့်၊ ဦးထုပ်မဝယ်နိုင်တဲ့ ထိုင်းတွေအတွက် အခမဲ့ပေးသင့်တယ်။ ငွေကြေးကြောင့် ဦးထုပ်မရှိတာမျိုး ဖြစ်နိုင်တယ်။ လုပ်ဆောင်ချက်နည်းလမ်း တစ်ခုအနေနဲ့ ပညာပေးဖို့ ၊ ဦးထုပ်အခမဲ့ဖြန့်ဝေဖို့ လိုပါတယ်” လို့လဲပြောဆိုနေကြပါတယ်။ တစ်ချို့ကလည်း ဦးထုပ်မဆောင်းတာထက် မော်တော်ယာဉ်ကို လမ်းပြောင်းပြန်မောင်းတာနဲ့ ယာဉ်စည်းကမ်းမလိုက်နာတာတွေက ပိုထိခိုက်မှုရှိတယ်လို့ သတိပေးကြပါတယ်။ နိုင်ငံခြားသားဆိုရင် ချိုးဖောက်တဲ့စည်းကမ်းအလိုက် ဒဏ်ငွေဆောင်ရဖို့ အတော်လေး သေချာပေမယ့် ထိုင်းနိုင်ငံသားတွေကို ဒဏ်ရိုက်တာတော့ အတော်လေး မြင်ရခဲကြောင်း ပတ္တရားမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေက ဝေဖန်ကြတာပါ။
အားလုံးအတွက် တူညီတဲ့ စည်းကမ်းတွေ လိုက်နာစေဖို့ ၊ဦးထုပ်ဝယ်ဖို့ ခက်ခဲတဲ့သူတွေအတွက် အခမဲ့ဖြန့်ဝေပေးဖို့နဲ့ ပြည်သူတွေ နားလည်အောင် ပညာပေးလုပ်ဆောင်ခြင်းတွေက အကောင်းဆုံးဖြေရှင်းနည်းတွေဖြစ်တယ်လို့လည်း အကြံပေး ပြောဆိုထားကြပါတယ်။
ပတ္တယားလို ခရီးသွားများနဲ့ နိုင်ငံခြားသားတွေ အများအပြားနေထိုင်ရာမြို့တစ်မြို့မှာ နိုင်ငံခြားသားတွေနဲ့ ပြည်သူတွေအကြား တန်းတူညီမျှမှုမရှိတဲ့ အရေးယူမှုတွေဖြစ်နေတာက သဘောထားကွဲလွဲစေပြီး ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့လဲ ဆိုပါတယ်။
သတင်း – Pattaya Mail
photo : aigenerated