အလုပ်သမား ၇ ဦးနဲ့ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်၊ စဒေါမြို့နယ်မှာ တရားမဝင်မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားနဲ့ ဒေသခံကားတစ်စီး တိုက်မိခဲ့တာကြောင့် မြန်မာအလုပ်သမား ၇ ဦးနဲ့ ဒေသခံ ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားက အခင်းဖြစ်ပွားရာ လမ်းနဲ့ ဆန့်ကျင်ဘက် လမ်းကြောကနေ မောင်းနှင်လာပြီး တစ်ဖက်သို့ ဂငယ်ကွေ့ရန် ကြိုးစားစဉ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ အခင်းဖြစ်ရာအနီး ရှိခဲ့သူတွေက ပြောပါတယ်။
တစ်ဖက်ခြမ်းမှ ဒေသခံတစ်ဦး မောင်းနှင်လာတဲ့ ဆလွန်းကို ဝင်တိုက်မိတာကြောင့် မထိန်းနိုင်ဘဲ လမ်းဘေးကို ပြုတ်ကျသွားတာဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။ ထိခိုက်မှုကြောင့် အလုပ်သမားများ ကားပေါ်မှပြုတ်ကျကာ ဒဏ်ရာများရရှိခဲ့ပြီး အနီးနားမှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ထားကာ pickup ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ ထိုင်း-မလေးရှား နယ်စပ်အနီးဒေသဖြစ်ပြီး တာဝန်ရှိသူတွေကတော့ အလုပ်သမားတွေ တင်ဆောင်လာတဲ့ကားဟာ မလေးရှားကို ဦးတည်တာ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ စဒေါရဲစခန်းမှ တာဝန်ရှိသူတွေအနေနဲ့ တရားမဝင်အလုပ်သမားတွေကို ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်း – mgronline
photo:mgronline