လစာနဲ့ အထောက်အထားများ ပြန်မပေး
ထိုင်းနိုင်ငံ၊စမွတ်စာခွန်ခရိုင်၊ထားကျင်ကျေးရွာ ခိုကန်ရက်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၄ ဦးကို လစာမပေးပဲ အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတယ်လို့သိရပါတယ်။
၎င်းတို့ရဲ့ သူဌေးက ဘတ်ရိုက်ပေးမယ်လို့ဆိုကာ ဘတ်ဖိုးတွေကိုလည်း လုပ်အားခထဲမှ ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် သူဌေးအနေနဲ့ name list မိတ္ထူ စာရွက်မှလွဲပြီး ၎င်းတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ထုတ်ပေးခြင်းမရှိတဲ့အပြင် အလုပ်သမားတွေရဲ့ တစ်လစာ လခကိုလည်းမပေးပဲ အကြောင်းမဲ့အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။အခုလို အကြောင်းမဲ့အလုပ်ထုတ်ခံရတဲ့အပြင် စာရွက်စာတမ်းတွေမပေးပဲ လက်ရှိနေနေတဲ့နေရာကထွက်သွားခိုင်းပြီး မထွက်သွားရင် ရဲတိုင်မယ်ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ ရရှိရန် ကျန်တဲ့ လစာမှာ ၂၄ ဦးစာ ဘတ် ၁၇၅၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
“တစ်ချို့ ထိုင်းအလုပ်ရှင်တွေ အထောက်အထားစာရွက်စာတမ်းတွေကိုသူတို့ကိုယ်တိုင်လုပ်ပေးမယ်ဆိုပြီး မတန်တဆစျေးတွေနဲ့လုပ်ပေးတာမျိုးရှိတယ်။ ဒီအထောက်အထားတွေကို သိမ်းထားလိုက်ရင် အလုပ်သမားတွေအနေနဲ့ ဘာမှလုပ်လို့မရဘူး ဘယ်မှသွားလို့မရဘူးဆိုတာ သိထားတယ်။ အဲ့ဒါတွေကြောင့် အလုပ်သမားတွေအနေနဲ့ အပြင်ထွက်တဲ့အခါ ထိုင်းစကားမတတ်တာနဲ့ အထောက်အထားအစုံမပါတာကြောင့် ရဲတွေစစ်ဆေးခံရတာမျိုး အဖမ်းခံရတာမျိုးတွေဖြစ်နေကြတာပါ။ တကယ်ဆို အလုပ်သမားရဲ့အထောက်အထားတွေကို အလုပ်ရှင်ကယူထားခွင့်မရှိဘူး” လို့ WAG က ကိုမုန်တိုင်းကပြောပါတယ်။
လက်ရှိမှာတော့ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းနဲ့ လုပ်အားခတွေရရှိဖို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီပေးနေတယ်လို့ သိရပါတယ်။
photo:WAGmyanmar