ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့လယ်မှာရှိတဲ့ ထိုင်းရိုးရာ အနှိပ်လုပ်ငန်းတွေမှာ မြန်မာလုပ်သားတွေ ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်စစ်ဆေးခဲ့ရာမှ လုပ်ငန်း လုပ်ကိုင်နေသူ ၁၃ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ခရီးသွားဧည့်သည်တွေ အများဆုံးလာတဲ့ ဟတ်ယိုင် မြို့လယ်လမ်းတစ်လျှောက်မှာရှိတဲ့ အနှိပ်လုပ်ငန်းတွေမှာ မြန်မာ အလုပ်သမားတွေ ခေါ်ယူလုပ်ကိုင်နေကြောင်း သတင်းရရှိတာကြောင့် တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးခဲ့ရာမှ ကျား ၊ မ စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ မလေးရှားခရီးသွားတွေကို ဝန်ဆောင်မှုပေးနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ထိုင်းရိုးရာ အနှိပ်လုပ်ငန်းဟာ ထိုင်းလူမျိုးတွေသာ လုပ်ခွင့်ရှိတဲ့ အလုပ်ဖြစ်တာကြောင့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုနဲ့ အလုပ်သမားတွေကို ဟတ်ယိုင်မြို့မရဲစခန်းသို့ ခေါ်ဆောင်ပြီးတရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ ထိုင်းမှာ အနှိပ်လုပ်ငန်းအပါအဝင် ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်နိုင်တဲ့ အလုပ်တွေကို ဥပဒေက ပြဌာန်းပေးထားတာ ဖြစ်ပါတယ်။ ထိုင်းရိုးရာအနှိပ်လုပ်ငန်းက မြန်မာအလုပ်သမားတွေအနေနဲ့လုပ်ခွင့်မရှိတဲ့အလုပ်ဖြစ်ပါတယ်။
Photo:MGRonline