ထိုင်းနိုင်ငံသားလူငယ်တွေဟာ အိမ်ဝယ်ပြီးနေရတာထက် အိမ်ငှားပြီးနေရတာကို ပိုကြိုက်ပါတယ်။ လူငယ် ၆၆ ရာခိုင်နှုန်းလောက်က ဝယ်ပြီးနေတာထက် ငှားပြီးနေတာကို ပိုရွေးချယ်ကြပါတယ်။
LWS Wisdom and Solutions ဆိုတဲ့ စီမံခန့်ခွဲရေး အတိုင်ပင်ခံကုမ္ပဏီတစ်ခုက ဒီအကြောင်းကို စစ်တမ်းကောက်ခဲ့တာပါ။
ငှားနေရတာကို သူတို့ပိုကြိုက်ရတဲ့ အဓိကအကြောင်းရင်းတစ်ချက်က အပြောင်းအလဲများတဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ပါ။ အလုပ်အကိုင်ပြောင်းပြီး နေရာခဏခဏ ရွှေ့ရတာမျိုးဖြစ်ပါတယ်။
နောက်တစ်ချက်က ထိုင်းမှာ လူငယ်တွေ အိမ်ဝယ်တဲ့အခါ ဘဏ်ကနေ အတိုးနှုန်းနဲ့ငွေချေးပြီး ဝယ်ကြပါတယ်။ နှစ်ရှည်ပြန်ဆပ်ရပါတယ်။ ဒီလိုအကြွေးဝန်ကို နှစ်ရှည်ပိ မနေချင်တာကြောင့်လည်း အိမ်ငှားနေရတာကို ရွေးကြတာပါ။ ငွေကြေးအရ လှုပ်သာလှည့်သာ ရှိတာကို သဘောကျကြပါတယ်။ အိမ်ဝယ်မယ့်အစား သူတို့ဝင်ငွေကို အွန်လိုင်းလုပ်ငန်းတွေလိုမျိုး တခြားနေရာတွေမှာ ရင်းနှီးမြှပ်နှံကြပါတယ်။
အိမ်ငှားနေသူ လူငယ် ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ထိုင်းလူငယ်တွေဟာ အိမ်အငှားစရိတ်အတွက် တစ်လကို ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားသုံးစွဲလေ့ရှိကြကြောင်း စစ်တမ်းက ဖော်ပြပါတယ်။
စစ်တမ်းရဲ့ လူငယ်သတ်မှတ်မှုထဲမှာ ၁၉၉၀ ခုနှစ်ဝန်းကျင်မွေး ဂျန်ဝိုင်(Gen Y) တွေနဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်မွေး ဂျန်ဇီးတွေပါ ပါပါတယ်။
Ref: The Nation