ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချာကရီသီရိဒုံကို ၁၉၅၅ ခုနစ် ဧပြီလမှာ မွေးဖွားခဲ့ပါတယ်။
ယခင်ထိုင်းဘုရင်ကြီး ဘူမိဘောနဲ့ မိဖုရားကြီး သီရိခေတ်တို့ရဲ့ တတိယမြောက်ရင်သွေး ဖြစ်ပြီး လက်ရှိထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ ညီမ ဖြစ်ပါတယ်။
ထိုင်းတော်ဝင်မင်းသမီးကြီးဟာ ငယ်စဉ်ကတည်းက ပညာရေးကို စိတ်ဝင်စားသူဖြစ်ပြီး ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပါတယ်။ သက္ကတနဲ့ ပါဠိ ဘာသာရပ်တွေအထူးပြုပြီး မာစတာ ဘွဲ့လည်း ရယူခဲ့ပါတယ်။ အဆိုပါ ဘာသာစကားတွေအပြင် တရုတ်၊ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ်ပြီး ဂျာမန်နဲ့ လက်တင်ဘာသာစကားတွေကိုလည်း လေ့လာထားသူဖြစ်ပါတယ်။
ပညာရေးကိုစိတ်ဝင်စားပြီး အားပေးတဲ့ မင်းသမီးကြီးဟာ မြန်မာနိုင်ငံကိုလည်း အခေါက်ပေါင်းများစွာလာရောက်ခဲ့ပြီး ကူညီလှူဒါန်းမှုတွေ များစွာ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။
၂၀၁၁ ခုနစ်ကတော့ လမ်းလျှောက်ရင်းမတော်မတဆဖြစ်ရာက ခြေကျင်းဝတ်ကျိုးပြီး ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ ယခုနှစ် ဧပြီလ ၂ရက်နေ့မှာပဲ တော်ဝင်မင်းသမီးကြီးဟာ သက်တော် ၇၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။