ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့အနီး ပန်းရံလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ညီအစ်ကိုနှစ်ဦးဟာ စျေးလျော့ပြီး လာရောင်းတဲ့ ထီသည်ကို အားနာပြီး ထမင်းဖိုးကျန်တဲ့ ပိုက်ဆံကို ထီထိုးလိုက်ရာမှ မမျှော်လင့်ဘဲ ထိုင်းထီ အမြင့်ဆုံးဆု နှစ်စောင်တွဲနဲ့ ထိုင်းဘတ်ငွေ ၁၂ သန်း ကံထူးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် AAC မဟာမိတ်က ဦးခိုင်ကြီးနဲ့ ဦးဘရီတို့အဖွဲ့က သွားရောက်ကူညီကာ ထုတ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့ရဲ့ ကီလိုမီတာ ၁၀၀ ခန့်အကွာမှာ မြန်မာလုပ်သား ညီအစ်ကို နှစ်ဦး ပန်းရံလုပ်နေစဉ် ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ တန်းလျားတစ်ခုလုံး ရေထဲပါသွားပြီး ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ညအချိန်မတော် လာရောက်ကယ်ထုတ်ပေးခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို ကယ်ဆယ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ထမင်းဖိုးအဖြစ် တစ်ယောက် ဘတ် ၅၀၀ စီ ပေးခဲ့တာကြောင့် သူတို့ နှစ်ဦးဟာ ဒီငွေနဲ့ ဟတ်ယိုင်လေဆိပ်အတွင်း တစ်ညအိပ်နားခိုပြီးနောက် ဘန်ကောက်က သူငယ်ချင်းတွေထံ အကူအညီတောင်းကာ အလုပ်ရှာဖို့ ခရီးဆက်ခဲ့ကြတာဖြစ်ပါတယ်။
ကားဂိတ်တစ်ခုကို ရောက်တဲ့အခါ ထီလက်မှတ်ရောင်းသူတစ်ဦးက အတင်းလိုက်ရောင်းတာကြောင့် လက်ထဲမှာ ကားခနဲ့ အပိုငွေမရှိတာကြောင့် မဝယ်နိုင်ကြောင်း လက်ကာပြခဲ့ပေမယ့် ထီရောင်းသူ အမျိုးသမီးငယ်က ဝယ်မယ် ထင်ပြီး လက်ထဲကို အတင်းထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ထီသည်က ဘတ် ၂၀၀ ပဲယူမယ်ဟုဆိုကာ မူရင်းရောင်းဈေးက ၂၂၀ဖြစ်ကြောင်းနဲ့ ရေကြီးနေလို့ ရောင်းမကောင်းတာကြောင့် ဝယ်ပေးဖို့ ပြောဆိုခဲ့တာပါ။ဒါကြောင့် မြန်မာလုပ်သား ညီအစ်ကို နှစ်ဦးက ရောင်းသူကို အားနာစိတ်ဖြင့် ထမင်းတစ်နပ် အငတ်ခံပြီး ဝယ်မယ်ဆိုကာ ထီလက်မှတ်ကို လက်ခံဝယ်ယူလိုက်ရာမှ ကံထူးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ထီပေါက်တဲ့ မြန်မာလုပ်သားတွေအတွက် မနေ့ကပဲ ထိုင်း ဘန်ကောက် ထီဗဟိုရုံးချုပ်မှာ သွားထုတ်ပေးခဲ့တယ်။ ရေကြီးနေတဲ့ချိန် ထီပေါက်တော့ သူတို့အတွက် အဆိုးထဲကအကောင်းပေါ့ သူတို့အတွက်လည်း အဆင်ပြေသွားတယ်။ရေကြီးလို့ အခတ်အခဲဖြစ်နေတဲ့ သူအချင်းချင်းကိုလည်း လှူဒါန်းလို့ရတာပေါ့။ မြန်မာလုပ်သားတွေ နောက်လဲ ကံထူးကြဖို့ ဆုတောင်းပေးပါတယ်။ တကယ်လိုအပ်နေတဲ့သူတွေ ခတ်ခဲနေတဲ့သူတွေကိုလည်း ကူညီခွင့်ရတာပေါ့။” လို့ မြန်မာလုပ်သား နှစ်ဦးကို ထီထုတ်ဖို့ကူညီပေးခဲ့တဲ့ ဦးဘရီက ပြောပါတယ်။