ဘန်ကောက်ရဲတပ်ဖွဲ့ဌာနချုပ်က နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသတွင်း မူးယစ်ဆေးဝါး ကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ်ပြီး ကြီးမားတဲ့ ဖမ်းဆီးမှုတစ်ခုကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမှာ ချင်းမိုင်၊ မဲ့ရင်ခရိုင်က အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ဆီကနေ လက်ဖက်ခြောက်ထုပ်တွေနဲ့ ထုပ်ပိုးထားတဲ့ ရေခဲ (Ice) မူးယစ်ဆေးဝါး စုစုပေါင်း ၃၀၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား (ယာဘ) ၂,၄၀၀,၀၀၀ပြား ၊ အဖြူရောင် Isuzu D-Max ပစ်ကပ်ကားတစ်စီးနဲ့ ဖုန်းနှစ်လုံးကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒီမူးယစ်ဆေးဝါးဂိုဏ်းဟာ မြောက်ပိုင်းနယ်စပ်ကနေ မူးယစ်ဆေးတွေကို ဘန်ကောက်နဲ့ ဆင်ခြေဖုံးဒေသတွေဆီကို စဉ်ဆက်မပြတ် သယ်ယူပို့ဆောင်နေတာကို တွေ့ရှိခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ သူတို့ဟာ အဖြူရောင် Isuzu ပစ်ကပ်ကားကို အသုံးပြုပြီး မူးယစ်ဆေးတွေကို ကားနောက်တွဲမှာရှိတဲ့ ဂေါ်ဖီထုပ်တွေအောက်မှာ လျှို့ဝှက်ဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေး အပ်နှံမယ့်နေရာကို နွန်ထဘူရီခရိုင်၊ ဘန်ဘူအာထောင်း က လမ်းမပေါ်မှာ ချိန်းဆိုထားချိန်မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာပါ။ စစ်ဆေးမေးမြန်းမှုအရ ယာဉ်မောင်းဖြစ်သူ မြန်မာလူငယ်က ဒီမူးယစ်ဆေးတွေကို သယ်ယူပို့ဆောင်ခအတွက် ဘတ် ၂၀,၀၀၀ ရရှိမှာ ဖြစ်ပြီး သူငယ်ချင်းနဲ့ တစ်ဦးကို ဘတ် ၁၀,၀၀၀ စီ ခွဲယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအလုပ်ကို ပထမဆုံးအကြိမ် လုပ်ကိုင်တာဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပြီး ဆေးတွေကို မှာယူသူကတော့ လာအိုနိုင်ငံသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ကို လွှဲပြောင်းပေးအပ်ပြီး စီးပွားဖြစ် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု စွဲချက်နဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ သတင်းအရ သိရပါတယ်။