ATV ကား ၁၁ စီး သိမ်းဆည်းရမိ
ကော့ဖန်ငန်ခရီးသွားရဲတပ်ဖွဲ့က အရေးပေါ်ဖုန်းနံပါတ်ကနေ တိုင်ကြားချက်ရရှိခဲ့တာကြောင့် တရားမဝင် ATV ခရီးသွားလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာအပါအဝင် လိုင်စင်မဲ့ ခရီးသွားလမ်းညွှန် ၅ ဦးကို ဖမ်းဆီးရမိပြီး တန်ဖိုးသန်းချီတဲ့ ATV ကား ၁၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့ ၅ ဦးထဲမှာ ထိုင်းလူမျိုး ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦး ပါဝင်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒီလူတွေဟာ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ နာမည်နဲ့ မှတ်ပုံတင်ထားပြီး သူ့ခင်ပွန်းဖြစ်သူက အစ္စရေးလ်နိုင်ငံသား ဖြစ်တဲ့ ပုဂ္ဂလိက ခရီးသွားကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်နေကြတာကို တွေ့ရှိရပါတယ်။ ဒီကုမ္ပဏီရဲ့ ထူးခြားချက်ကတော့ ဆိုင်ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေကို ဟီဘရူးဘာသာစကားနဲ့ ရေးထားပြီး အစ္စရေးလ်ဖောက်သည်တွေကို အဓိကထား ဝန်ဆောင်မှုပေးနေတာပါ။ ဆက်သွယ်မှုတွေကိုလည်း အက်ပလီကေးရှင်းတွေကနေ အဓိကလုပ်ဆောင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဖို့ ကော့ဖန်ငန်ရဲစခန်းကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျော်ဇင်ဖြိုး နဲ့ ချစ်ရှိုင်း တို့ကို လိုင်စင်မဲ့ လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်းအပြင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်းဆိုတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။ဒါ့အပြင် ရဲတပ်ဖွဲ့က ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်စာရင်းကို ဆက်လက်စစ်ဆေးပြီး တကယ်ပဲ နိုင်ငံခြားသား ကိုယ်စားလှယ် လုပ်ကိုင်နေတာဟုတ်မဟုတ်ဆိုတာ ဖော်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အလုပ်ရှင် ကိုလည်း နိုင်ငံခြားသားတွေကို တရားမဝင် ငှားရမ်းခြင်းနဲ့ လိုင်စင်မဲ့ လမ်းညွှန်လုပ်ငန်း လုပ်ကိုင်ခိုင်းခြင်းတွေအတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ khaosod သတင်းအရ သိရပါတယ်။