တရုတ် ၂ ဦးနဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်စစ်ဆေးရာမှ အွန်လိုင်းကနေ ပစ္စည်းတိုက်ရိုက်ထုတ်လွှင့်ရောင်းချနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဘန်ကောက်၊ ဒင်နန်းခရိုင်၊ အင်တာမရာ ၄၉ လမ်းထဲက နေအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအိမ်ကို တရုတ်တွေအတွက် ဟိုစတယ်လို ပြောင်းလဲထားပြီး တရုတ်လူမျိုးတွေအကြိုက် ဘာသာရေးပစ္စည်း၊ ဘုရားဆင်းတုတွေနဲ့ မုန့်ပဲသရေစာတွေကို တိုက်ရိုက်ထုတ်လွှင့် (Live) ရောင်းချနေတာလို့ သိရပါတယ်။ ရောင်းချတဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံက ဝယ်လက်တွေဆီ ပြန်ပို့ဖို့ ထုပ်ပိုးတာတွေလည်း လုပ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုအတွင်း အလုပ်လုပ်ခွင့်လက်မှတ် လုံးဝမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်အမျိုးသား ၂ ဦး နဲ့ အလုပ်လုပ်ခွင့်လက်မှတ်ရှိပေမယ့် အလုပ်စဝင်တဲ့နေ့ကစလို့ ၁၅ ရက်အတွင်း လုပ်ငန်းသဘောနဲ့ပတ်သတ်ပြီး မှတ်ပုံတင်အရာရှိဆီ အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူအားလုံးကို စုတ္ထိဆန် ရဲစခန်းမှာ ဥပဒေအရ ဆက်လက်အရေးယူဖို့ လွှဲပြောင်းပေးလိုက်ပြီလို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖီချစ် က ပြောပါတယ်။
အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ ကို ဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ပြီး မိခင်နိုင်ငံကို ပြန်ပို့မှာဖြစ်သလို၊ ၂ နှစ် ကြာ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့် ပိတ်ပင်ခံရမယ်လို့ မစ္စတာ ဖီချစ်က ပြောပါတယ်။ တရားမဝင် နိုင်ငံခြားသားကို ခန့်ထားတဲ့ အလုပ်ရှင်၊ လုပ်ငန်းတွေ ကိုတော့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား တစ်ဦးချင်းစီအတွက် ဘတ်ငွေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်မှာဖြစ်ပြီး ပြစ်မှုထပ်မံကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်အထိ၊ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ကာ ၃ နှစ် ကြာ နိုင်ငံခြားသား ခန့်ထားခွင့် ပိတ်ပင်ခံရမယ်လို့ ရှင်းပြခဲ့ပါတယ်။