ကြေးဟောင်းဖြုတ်စက်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတစ်ဦးကို အလုပ်ရှင် တရုတ်နိုင်ငံသားနဲ့ လုံခြံဒရေးတွေ ရိုက်နှက်ခဲ့တာကို မကျေနပ်တဲ့အတွက် မြန်မာအလုပ်သမား ၂၀၀ ကျော်ဆန္ဒပြကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်က စက်မှုဇုန်တစ်ခုမှာ အောက်တိုဘာ ၁၄ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က စက်ရုံမှာ ၇ လကျော် လုပ်ကိုင်နေတဲ့ ကိုဇော်မိုး ဟာ အလုပ်ကပြန်ချိန် စက်ရုံဂိတ်မှာ လုံခြုံရေး စစ်ဆေးခံရတဲ့အခါ ကြေးပိုက်တွေကို လွယ်အိတ်ထဲယူလာတာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ကိုဇော်မိုးရဲ့ ပြောကြားချက်အရ ပစ္စည်းမိပြီးတဲ့နောက် လုံခြုံရေးတစ်ဦးက သူ့ကို လည်ပင်းကနေ ဆွဲပြီး ထိုးကြိတ်ခဲ့ပါတယ်။ ဒါ့အပြင် စက်ရုံက တရုတ် ၂ ဦးနဲ့ အပြင်က တရုတ် ၁ ဦးတို့ဟာလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရိုက်နှက်ခံရပြီးတဲ့အပြင် ကိုဇော်မိုးကို သံကြိုးနဲ့တုပ်၊ သံတုံးတွေကို လည်ပင်းမှာ ဆွဲထားတဲ့ နှိပ်စက်မှု တွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ခိုးမှုသံသယနဲ့ ရဲစခန်းကိုမတိုင်ကြားဘဲ လူအများရှေ့မှာ နှိပ်စက်ပြတာကို မခံနိုင်တဲ့ မြန်မာအလုပ်မားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြမှုကြောင့် အခြေအနေ တင်းမာလာတဲ့အခါ ရဲတွေနဲ့ တာဝန်ရှိသူတွေရောက်ရှိလာပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ည ၈ နာရီမှာတော့ ရဲတပ်ဖွဲ့က ကိုဇော်မိုး နဲ့အတူ ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ စက်ရုံမှ တရုတ်နိုင်ငံသား ၂ ဦး တို့ကို ဖမ်းဆီးထိန်းသိမ်းကာ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းမှုတွေကြောင့် နောက်ဆုံးမှာတော့ ဆန္ဒပြခဲ့တဲ့ အလုပ်သမားများအားလုံးဟာ လူစုခွဲပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိသွားခဲ့ပြီလို့ ch7 သတင်းက ဖော်ပြပါတယ်။
တရားဥပဒေနဲ့အညီ မဖြေရှင်းဘဲ နှိပ်စက်ခဲ့တဲ့အတွက် တရားမျှတမှု ရရှိစေဖို့ ရည်ရွယ်ကာ အလုပ်သမားတွေက WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ အကူအညီ တောင်းခံခဲ့ပြီး WAG အဖွဲ့ကတော့ အောက်တိုဘာလ ၁၄ ရက်နေ့ ညမှာပဲ အမှုကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။