တာခ့်ခရိုင်၊ ဖုတ်ဖရာမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ၁၅ ရက်နေ့မနက် ၂ နာရီလောက်က တရားမဝင်လုပ်သားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းကြိုရတာကြောင့် ရဲတပ်ဖွဲ့က စောင့်ဖမ်းရာမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၄ ဦး နဲ့ သူတို့ကို သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖုတ်ဖရာက ထိုင်းယာဉ်မောင်းတစ်ဦးနဲ့ သူ့ရဲ့ အဖော်တို့ဟာ သောင်ရင်းမြစ်ကမ်းနား သဘာဝကူးတို့ဆိပ်ကနေ မြန်မာနိုင်ငံသားတွေကို ပစ်ကပ်ကားနှစ်စီးနဲ့ တင်လာတာပါ။ ပထမကားအတွင်း စစ်ဆေးရာ ယာဉ်မောင်းဘေးမှာ မြန်မာအမျိုးသမီးတစ်ဦးနဲ့ နောက်တွဲမှာ မြန်မာနိုင်ငံသား ၁၁ ဦး ပါဝင်ကာ ဒုတိယကားအတွင်းမှာတော့ မြန်မာနိုင်ငံသား ၁၂ ဦး ပါဝင်ပြီး သူတို့အားလုံးဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် အထောက်အထား တစ်စုံတစ်ရာ မရှိကြပါဘူး။
စစ်ဆေးမေးမြန်းကြည့်ရာမှာ ထိုင်းယာဉ်မောင်း ၂ ဦးက အလုပ်သမားတွေကို မြစ်ကမ်းနားကနေ သွားခေါ်ပြီး ဆရီရပ်စ် ကျေးရွာအနောက်ဘက်ကို ပို့ပေးဖို့ မြန်မာပွဲစားတစ်ဦးဆီကနေ ငှါးရမ်းခံထားရတာဖြစ်ကြောင်းနဲ့ အဲဒီနေရာရောက်ရင် တခြားလူတွေက လာပြီးဆက်လက်ခေါ်ယူမယ်လို့ သိရပါတယ်။ သူတို့ကတော့ ဒီအလုပ်အတွက် ခရိုင်မဖြတ်ဘဲ သတ်မှတ်နေရာတစ်ခုကို ပို့ပေးရုံနဲ့ လုပ်အားခ ဘတ် ၇,၂၀၀ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေကို မေးကြည့်တဲ့အခါ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီး ဖုတ်ဖရာမြို့နယ်ထဲက သဘာဝကူးတို့ဆိပ်ကနေ ဝင်ရောက်လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်လုပ်ဖို့ လာကြတာလို့ ပြောပါတယ်။ သူတို့က မြန်မာပွဲစားကတစ်ဆင့် ထိုင်းပွဲစားနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ခရီးစဉ်အဆုံးရောက်ရင် ပွဲစားခ ဘတ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ပေးရမှာပါ။ အလုပ်ရှင်က စရိတ်ကို ကြိုတင်စိုက်ပေးထားပြီး လုပ်အားခထဲကနေ ပြန်လည်ဖြတ်တောက်မှာ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ထိုင်းယာဉ်မောင်း ၂ ဦး အပါအဝင် မြန်မာနိုင်ငံသားအားလုံးကို ဖုတ်ဖရာရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံသားနှစ်ဦးကိုတော့ တရားမဝင် နိုင်ငံခြားသားများကို ကူညီဖုံးကွယ်ပေးမှု နဲ့ အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားတွေကိုတော့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်လာမှု နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ MGR သတင်းအရ သိရပါတယ်။