နစ်နာကြေးနှင့် စမတ်ကြေးများ ပြန်ရမည်
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်က စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၃၂၀ ဦးဟာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ လုပ်သက် လေးလမပြည့်သေးခင်မှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတာပါ။ ဒီလို အလုပ်ထုတ်တာကို စက်ရုံက တိုက်ရိုက်ပြောတာမဟုတ်ဘဲ ကြားခံအေဂျင်စီက အဆောင်တိုက်ခန်းတွေအထိ လာပြီး ပြောသွားတာ ဖြစ်ပါတယ်။
အလုပ်ရှင် (စက်ရုံ) ဘက်ကလည်း တာဝန်ယူမှုမရှိတဲ့အတွက် နစ်နာခဲ့ရတဲ့ လုပ်သားတွေဟာ MHAC (မဟာမိတ်အဖွဲ့) ထံ အကူအညီတောင်းခံခဲ့ကြရတယ်လို့ သိရပါတယ်။MHAC အဖွဲ့ဝင်တွေဟာ အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့မှာ အကူအညီပေးရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး ထိုင်းအစိုးရရဲ့ သက်ဆိုင်ရာဌာနတွေ (အလုပ်သမားရေးရာဌာန၊ လူမှုဖူလုံရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့) က တာဝန်ရှိသူတွေဟာ စက်ရုံနဲ့ ကြားခံအေဂျင်စီကို ခေါ်ယူပြီး ညှိနှိုင်းဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။
“ ၅ ရက်နေ့ကျရင် အလုပ်သမားတွေ ရသင့်ရထိုက်တဲ့လစာနဲ့ နစ်နာကြေး စမတ်ကြေးတွေကို ပြန်ပေးမယ်လို့ပြောပါတယ်။ အဲ့ဒီနေ့ကျမှ အကုန်ရလားမရလား အခြေအနေပေါ်မူတည်ပြီး တကယ်လို့ မရရင် ဆဝါဒီကန်ရုံးထပ်သွားမယ်။ သူဌေးကတော့ တရုတ်သူဌေး ။ ဒါပေမယ့် အလုပ်သွင်းတာ အလုပ်ထုတ်တာ လစာပေးတာတွေကို တော့ အေဂျင်စီကပဲ လုပ်တာပေါ့ ။ သူတို့ကတော့ တရားမဝင်လုပ်တာဖြစ်တော့ ရှေ့တော့မထွက်ကြဘူး “ လို့ MHAC က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
ညှိနှိုင်းမှုရဲ့ ရလဒ်အနေနဲ့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်အားခ၊ နစ်နာကြေး၊ စမတ်ကြေး အပြင် ဗီဇာသက်တမ်းတိုး စတဲ့ ကိစ္စရပ်တွေအတွက် ပြန်လည်ပေးဆောင်မယ်လို့ ဆိုပါတယ်။ MHAC နဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေရှေ့မှာပဲ စက်ရုံနဲ့ အေဂျင်စီတို့က လုပ်သားတွေ တောင်းဆိုတဲ့အရာတွေကို ပေးအပ်ပါမယ်လို့ ကတိပေးခဲ့ကြတယ်လို့ သိရပါတယ်။