ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်တွင် တရားမဝင်ဝင်လာတဲ့ မြန်မာအလုပ်သမား ၉၀ ဦးကို တင်ဆောင်လာတဲတဲ့ ကား ၄ စီး ပါ ယာဉ်တန်းတစ်ခုကို အာဏာပိုင်တွေက စစ်ဆင်ရေးပြုလုပ်ကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁ နာရီခန့်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဆိုင်းယုတ်ခရိုင်က လမ်းသွယ်တစ်ခုမှာ ပိတ်ဆို့ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ကားတွေကို စစ်ဆေးကြည့်ရာမှာ ပုံစံမျိုးစုံနဲ့ ဖုံးကွယ်ထားတာကို တွေ့ရှိရပါတယ်။ ပစ်ကပ်ကားတစ်စီးမှာ အလုပ်သမား ၂၀ ဦးကို ငှက်ပျောသီးတွေနဲ့ ဖုံးအုပ်ပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။ အလုံပိတ်ပစ်ကပ်ကားတစ်စီးကိုတော့ နာမည်ကြီး ပို့ဆောင်ရေးကား ပုံစံတူပြင်ဆင်ပြီး အတုအယောင် နံပါတ်ပြားတွေ တပ်ဆင်ထားတာ တွေ့ရှိရပြီး ကျန်ကားနှစ်စီးမှာလည်း အလုပ်သမား ၅၀ ကျော်ကို ပြည့်ကျပ်စွာ တင်ဆောင်လာတာ ဖြစ်ပါတယ်။
စုစုပေါင်း မြန်မာအလုပ်သမား ၉၀ ဦးကို ဖမ်းဆီးရမိပြီး ယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ အလုပ်သမားတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ စန်ခလာဘူရီ ဘက်ကနေ တရားမဝင် ခိုးဝင်လာခဲ့ကြတာ ဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်နဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။အလုပ်သမားတစ်ဦးစီဟာ ပွဲစားခအဖြစ် ဘတ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်း ၂ ဦးကို နိုင်ငံခြားသားတွေကို ကူညီခြင်း၊ ဖုံးကွယ်ထားခြင်း စတဲ့ စွဲချက်တွေနဲ့ အမှုဖွင့်ထားပြီး အလုပ်သမား ၉၀ ဦးကိုတော့ နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှု နဲ့ အရေးယူထားတယ်လို့ သိရှိရပါတယ်။ဒါ့အပြင် ထွက်ပြေးသွားတဲ့ ယာဉ်မောင်း ၂ ဦးကိုလည်း ဖမ်းမိဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ MGR သတင်းမှာ ဖော်ပြထားပါတယ်။