၁ ဦး ဒဏ်ရာရပြီး ၂ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့နယ် ရှိ လမ်းမပေါ်မှာ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၆ နာရီ ၆ မိနစ် အချိန်ခန့်က မြန်မာအလုပ်သမား အုပ်စုချင်း ရန်ဖြစ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပတ္တယားတောင်ပိုင်း လမ်းဘေး၊ မြေစာရင်းရုံး မီးပွိုင့်အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။သေဆုံးသူနှစ်ဦးစလုံးဟာ နီပေါနွယ်ဖွား မြန်မာနိုင်ငံသား အမျိုးသားတွေ ဖြစ်ကြပြီး အိန္ဒိယစားသောက်ဆိုင်တစ်ခုမှ စားပွဲထိုးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တစ်ဦးက ရင်ဘတ်အလယ်ကို ဓားထိုးခံရပြီး နှလုံးသွေးကြောမကြီး ပြတ်တောက်ကာ ချက်ချင်း သေဆုံးခဲ့ပါတယ်။ နောက်တစ်ဦးက ကျောကုန်းနဲ့ ပုခုံးမှာ ဓားဒဏ်ရာ သုံးချက်အထိုးခံထားရကာသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ အသက် ၂၀ အရွယ် မြန်မာအမျိုးသားတစ်ဦးကိုလည်း အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူ ၇-၈ ဦးပါတဲ့ အဖွဲ့ က ၃ ဦးသာပါတဲ့ အဖွဲ့ ကို ဓားတွေ၊ အုတ်ခဲတွေနဲ့ ရက်ရက်စက်စက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကို CCTV မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ရန်ပွဲဟာ လမ်းမပေါ်မှာ လိုက်လံထိုးကြိတ်ခဲ့တာဖြစ်ပြီး အဓိက လက်နက်အဖြစ် ၂၀ စင်တီမီတာ ရှည်တဲ့ သစ်သီးခွာဓား ၂ ချောင်း ကို အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။
မျက်မြင်သက်သေနဲ့ မြန်မာစကားပြန်ရဲ့ ပြောကြားချက်အရ သေဆုံးသူနဲ့ တိုက်ခိုက်သူ နှစ်ဖက်စလုံးဟာ မြန်မာနိုင်ငံသား အလုပ်သမားများ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အုပ်စုနှစ်စုဟာ အရင်က ဘောလုံးကွင်းမှာ ပြဿနာ ရှိခဲ့ဖူးပြီး တိုက်ခိုက်မှုမဖြစ်ခင် နံနက် ၃ နာရီခန့် မှာ ဖြစ်ပွားရာနေရာနဲ့ မီတာ ၇၀၀ ခန့်အကွာက ဟိုတယ်တစ်ခုမှာ ကျင်းပတဲ့ ထိုင်း-နီပေါ ချစ်ကြည်ရေးပွဲ မှာ ပြန်ဆုံမိပြီး အချင်းချင်း စကားများခဲ့ကြရာကနေ လမ်းမပေါ်အထိ လိုက်လံထိုးကြိတ်တဲ့ အထိ ဖြစ်ပွါးခဲ့တာပါ။
ပတ္တယားရဲတပ်ဖွဲ့ဟာ အခုဖြစ်စဉ်မှာ သံသယရှိတဲ့ မြန်မာနိုင်ငံသား ၄ ဦး ကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ ရဲတပ်ဖွဲ့ဟာ CCTV မှတ်တမ်းတွေ နဲ့ သက်သေခံ ဓားနှစ်ချောင်း ကို သိမ်းဆည်းထားပြီး တိုက်ခိုက်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းမှုတွေ ဆက်လုပ်နေကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Ref – simarath / matichon