ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ လက်ကောက်ဝတ်ကို ဓားနဲ့ခုတ်ခဲ့တဲ့ အဖွဲ့ထဲက ‘အိုက်တော့ပ်’ လို့ခေါ်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ရဲတပ်ဖွဲ့က ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးမိပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့အမှုမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဓားနဲ့ခုတ်ခဲ့တဲ့ စိုင်းအိုက်မောင်နဲ့ မြန်မာနိုင်ငံသားလူငယ် ၁၄ ဦးကို အရင်ဆုံး ဖမ်းဆီးမိခဲ့တာပါ။ စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ နောက်ထပ်အဓိကတရားခံ တစ်ဦးဖြစ်တဲ့ ထိုင်းရှမ်းလူဆိုးဂိုဏ်း “၉၉၉” ရဲ့ ခေါင်းဆောင် အိုက်တော့ပ်ကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ အမှုဖြစ်ပွါးပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။
စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ အိုက်တော့ပ်နယ်စပ်ကနေတစ်ဆင့် ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိခဲ့ပြီးနောက် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ချာချွန်ဆောင်းခရိုင်၊ ဖလိုင်ယောင်မြို့နယ်မှာ ကမ္ဘောဒီးယားနယ်စပ်ဘက်ကို ထွက်ပြေးဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို နယ်မြေ (၅) ရဲတပ်ဖွဲ့၊ ချင်းမိုင်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နယ်မြေ (၁) ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့တာလို့ Chiangmai သတင်းအရ သိရပါတယ်။