ချင်းမိုင်ပြည်နယ်၊ ဖန်မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဟာ နိုင်ငံသားအဖြစ် လျှောက်ထားလိုတဲ့ ရွာသားတွေဆီကနေ လာဘ်ငွေတောင်းခံခဲ့တာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဖန်မြို့နယ်က ရွာသားနှစ်ဦးဟာ အစိုးရရဲ့ မူဝါဒအသစ်အရ နိုင်ငံသား လျှောက်ထားဖို့အတွက် ရွာသူကြီးကို အကူအညီတောင်းခဲ့ရာ ရွာသူကြီးက တစ်ဦးကို ဘတ် ၄,၀၀၀စီ တောင်းခံခဲ့တာကြောင့် ရွာသားတွေက ဘတ်ငွေတွေကိုဓာတ်ပုံရိုက်ပြီး သက်သေအဖြစ်သိမ်းဆည်းထားခဲ့တာပါ။
ငွေကြေးဆိုင်ရာ ကျင့်ဝတ်များကို စောင့်ရှောက်ပေးရေး ကော်မရှင် (NACC) နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (PACC) တို့က ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒီကိစ္စကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကနေတဆင့် လာဘ်ယူမှုအမှန်တကယ်ရှိတယ်ဆိုတဲ့ သက်သေတွေကို တွေ့ရှိခဲ့တယ်လို့ ပါတယ်။ ဒီအခြေအနေကြောင့် ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာတော့ဖွန်ဖရွန်အူဒွမ်ဟာ အုပ်ချုပ်ရေးမှူးကို ရာထူးကနေ ယာယီရပ်ဆိုင်းထားဖို့ အမိန့်ပေးခဲ့ပြီး ပြင်းထန်တဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကော်မတီဖွဲ့စည်းခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်လာဘ်ပေးလာဘ်ယူမှုတွေရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒေသခံရွာသားတွေရဲ့ ပြောကြားချက်အရ မယ်ခရိုင် ၊ မောင်းရဲရွာက အာခါလူမျိုးစုဝင်အများစုဟာ နိုင်ငံသားဖြစ်ခွင့်မရသေးတဲ့အတွက် စာရွက်စာတမ်းကိစ္စတွေမှာ မတန်တဆစျေးနှုန်းတွေ ပေးဆောင်နေရတယ်လို့ သိရပါတယ်။ နိုင်ငံသားလျှောက်ထားဖို့အတွက် တစ်ဦးကို ဘတ် ၄၀၀၀-၅၀၀၀ အထိတောင်းခံပြီး မိသားစုတစ်စုကို ဘတ် ၁၅,၀၀၀ ကျော်အထိ ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အမှန်တကယ်တော့ အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေအရ နိုင်ငံသားလျှောက်ထားဖို့အတွက် ဘတ် ၁၆၀ ကျပ်ပဲ ကုန်ကျပြီး အခြားဆောင်ရွက်စရိတ်တွေ ပေးဆောင်ဖို့မလိုအပ်ပါဘူး။ ဒါပေမဲ့ ရွာသားတွေဟာ နိုင်ငံသားဖြစ်ချင်တဲ့ စိတ်ဆန္ဒကြောင့် ရွာသူကြီးပြောတာကို ယုံကြည်ပြီး ပိုက်ဆံပေးခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုမျိုး လာဘ်ယူမှုတွေဟာ ဖန်မြို့နယ်က အခြားရွာတွေမှာလည်း ဖြစ်ပွားနေပြီး ဒေသခံတွေဟာ အာဏာရှိသူတွေကို ကြောက်ရွံ့တဲ့အတွက် မတိုင်ကြားရဲကြတာဖြစ်တယ်လို့ matichon သတင်းအရသိရပါတယ်။