ထိုင်းနိုင်ငံ၊ လော့ဘူရီပြည်နယ်မှာ မြန်မာလူမျိုးတစ်ဦးက ဇနီးသည်ရဲ့သူငယ်ချင်းကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ ၁၃ ရက်၊ ည ၈ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာပါ။
လော့ဘူရီပြည်နယ်၊ ဖတ်ထနာနိခုံမြို့နယ်က အဆောက်အအုံတစ်ခုမှာ အမျိုးသမီးတစ်ဦး ဓားထိုးခံရကြောင်း ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာတော့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ အခန်းရှေ့က ကုလားထိုင်ပေါ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး သူ့ရဲ့ ဘယ်ဘက်ရင်အုံနဲ့ ဘယ်ဘက်လက်ကောက်ဝတ်တို့မှာ ဓားဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုကို ကျူးလွန်ခဲ့သူဟာ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ သူ့ရဲ့ဇနီးဖြစ်သူကို လိုက်ရှာဖို့အတွက် လော့ဘူရီကို ရောက်လာခဲ့တာပါ။ ဇနီးဖြစ်သူဟာ ခင်ပွန်းကိုထားပြီး လော့ဘူရီမှာ အလုပ်လုပ်နေတယ်ဆိုတာ သိပြီးနောက် လိုက်လာခဲ့တာ ဖြစ်ပါတယ်။သူက ဇနီးသည်ရဲ့နေရပ်လိပ်စာကို သိဖို့အတွက် ဇနီးသည်ရဲ့သူငယ်ချင်းတွေကို မေးမြန်းခဲ့ပေမဲ့ သူငယ်ချင်းတွေက နေရပ်လိပ်စာကို ထုတ်မပြောဘဲ ဖုံးကွယ်ထားတယ်လို့ ယူဆကာ ဒေါသထွက်ပြီး ဇနီးဖြစ်သူရဲ့ သူငယ်ချင်းကို ဓားနဲ့ထိုးခဲ့တာပါ။
မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့အဆိုအရ ဖြစ်စဉ်မဖြစ်ခင်က သေဆုံးသူအမျိုးသမီးဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ဘီယာသောက်နေခဲ့ကြတာပါ။ ဓားထိုးခံရပြီးနောက် ဆေးရုံပို့ဖို့ ကြိုးစားခဲ့ကြပေမဲ့ အသက်မမီခဲ့ဘဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျူးလွန်သူဟာ အနီးအနားက တောအုပ်ထဲကို ထွက်ပြေးတိမ်းရှောင်နေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိနိုင်ဖို့ လိုက်လံရှာဖွေနေဆဲ ဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ဖတ်ထနာနိခုံဆေးရုံကို ပို့ဆောင်ထားတယ်လို့ Thairath သတင်းအရ သိရပါတယ်။