အရေးပေါ် ကပ်ရောဂါဇုန်အဖြစ် ကြေညာ
မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘန်ကောက်နဲ့ စမူပရာကန်ပြည်နယ်အတွင်း ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားနေတာကို တွေ့ရှိရလို့ အရေးပေါ်ကပ်ရောဂါဇုန်အဖြစ် ကြေညာလိုက်ပါတယ်။
ဒီအမိန့်ဟာ စက်တင်ဘာလ ၉ ရက်နေ့ကနေ အောက်တိုဘာလ ၈ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပြီး ကပ်ရောဂါဇုန်အတွင်းက ခွေး၊ ကြောင်နဲ့ တခြားနို့တိုက်သတ္တဝါတွေကို သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းတာမျိုး မလုပ်ရပါဘူး။ ဒီအမိန့်ကို ဖောက်ဖျက်သူတွေဟာ ထောင်ဒဏ် (၂) နှစ်အထိ၊ ဒါမှမဟုတ် ဘတ် ၄၀,၀၀၀ အထိ ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။
အန္တရာယ်ရှိတဲ့ ဧရိယာတွေနဲ့ ရှောင်ရန်၊ ဆောင်ရန်များ
ခွေးရူးပြန်ရောဂါ ကူးစက်မှုတွေ့ရှိတဲ့ ဖရာဝက်ခရိုင်၊ နောင်ဘွန်ရပ်ကွက်နဲ့ အနီးပတ်ဝန်းကျင် ၅ ကီလိုမီတာပတ်လည်ကို အန္တရာယ်ရှိဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။ ဒီနေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ အထူးသတိထားကြဖို့ လိုအပ်ပါတယ်။
အန္တရာယ်ရှိတဲ့ နေရာတွေကတော့
- ဖရာဝက်ခရိုင် (နောင်ဘွန်၊ ဒို့က်မိုင်း၊ ဖရာဝက်)
- စွမ်လွမ်ခရိုင် (အွန်းနတ်၊ ဖတ်သနကန်)
- ဆဖန်ဆွန်းခရိုင် (ထပ်ချန်)
- လတ်ခရာဘန်ခရိုင် (လတ်ခရာဘန်)
- ဘန်နာခရိုင် (ဘန်နာနူးအာ)
- ဖရာခနွန်းခရိုင် (ဘန်ချပ်)
- စမုပရာကန်က ဘန်ဖလိခရိုင် (ဘန်ကော၊ ရာချာသေဝါ) တို့ပဲဖြစ်ပါတယ်။
ဘေးအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ
- လမ်းဘေးခွေး၊ ကြောင်တွေကို မထိပါနဲ့။
- ခွေးကိုက်ခံရတာ၊ ဒါမှမဟုတ် ခြစ်မိတာမျိုး ဖြစ်ခဲ့ရင် ဒဏ်ရာကို ဆပ်ပြာနဲ့ရေနဲ့ ချက်ချင်းဆေးကြောပြီး ဆေးရုံကို အမြန်ဆုံးသွားပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပါ။
- ခွေးရူးပြန်ရောဂါလက္ခဏာပြနေတဲ့ (ဥပမာ- စိတ်တိုဒေါသထွက်တာ၊ အကြောင်းမဲ့ ကိုက်တာ၊ တံတွေးတွေ ကျနေတာ) တိရစ္ဆာန်တွေကို တွေ့ရင် ဘန်ကောက်ခွေးထိန်းချုပ်ရေးစင်တာကို ၀၂-၃၂၈-၇၄၆၀ ဒါမှမဟုတ် ၀၂-၃၂၈-၇၃၅၅ ကို ဖုန်းဆက်အကြောင်းကြားပါ။
တိရစ္ဆာန်ပိုင်ရှင်တွေအနေနဲ့လည်း ကိုယ့်တိရစ္ဆာန်တွေ ဖျားနာတာတွေ့ရင် ၁၂ နာရီအတွင်း သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားရမှာဖြစ်ပြီး သေဆုံးတဲ့တိရစ္ဆာန်တွေကိုလည်း သတင်းပို့ပြီးမှသာ ရွှေ့ပြောင်းခွင့်ရှိမှာဖြစ်တယ်လို့ The nation သတင်းမှာ ဖော်ပြထားပါတယ်။