ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခု စက်တင်ဘာ ၅ ရက်နေ့မှာ ဖြစ်လာတော့မှာပါ။ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် နေရာအတွက် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ဖို့ လွှတ်တော်မှာ မဲပေးကြတော့မှာ ဖြစ်ပါတယ်။
ဘယ်သူတွေက ဝန်ကြီးချုပ်လောင်းတွေလဲ?
လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်အသစ် မဖွဲ့စည်းရသေးတဲ့အတွက် ယာယီအစိုးရတစ်ရပ်သာ တာဝန်ယူထားရပြီး အစိုးရအဖွဲ့တစ်ခုလုံးလည်း ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။လက်ရှိမှာ ဝန်ကြီးချုပ်လောင်းနှစ်ဦးကို အမည်စာရင်းတင်သွင်းထားပါတယ်။
- ဖွမ်ကျိုင်းထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဝီရာကူလ်နဲ့
- ဖွေထိုင်းပါတီမှ ချိုင်ကာဆန် နိတိစိရိ တို့ဖြစ်ပါတယ်။
လွှတ်တော်ဖျက်သိမ်းရေး ပယ်ချခံရ
အရင်ကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် ယာယီဝန်ကြီးချုပ်က တင်သွင်းတဲ့ တော်ဝင်အမိန့်မူကြမ်းကို တော်ဝင်အကြံပေးအဖွဲ့က ပယ်ချလိုက်တဲ့အတွက် လွှတ်တော်ဖျက်သိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ်အသစ်ရွေးဖို့ကိုပဲ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
အစိုးရသစ်ဖွဲ့စည်းနိုင်ခြေ
လက်ရှိအခြေအနေအရ ဖြစ်နိုင်ခြေအများဆုံးကတော့ ဖွမ်ကျိုင်းထိုင်းပါတီခေါင်းဆောင်ဟာ လွှတ်တော်မှာ အမတ်အများဆုံးရှိတဲ့ ပြည်သူ့ပါတီ ရဲ့ ထောက်ခံမှုနဲ့ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီရဲ့ ထောက်ခံမှုကို ရဖို့ဆိုတာကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ အတိုက်အခံတွေက အစိုးရအဖွဲ့သစ်ကို လေးလအတွင်း လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ကျင်းပဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဆန္ဒခံယူပွဲ လုပ်ပေးဖို့ဆိုတဲ့ အခြေအနေတွေနဲ့ တင်းတင်းကျပ်ကျပ် တောင်းဆိုလာနိုင်ပါတယ်။ ဒါကို လက်ခံနိုင်မှသာ အစိုးရအဖွဲ့သစ် အောင်မြင်စွာ ဖွဲ့စည်းနိုင်မှာပါ။
အမတ်အရေအတွက် များတဲ့ အတိုက်အခံ ပြည့်သူ့ပါတီထောက်ခံမှုတချို့ ရမှာသာ ဖွေထိုင်းပါတီရဲ့ ချိုင်ကာဆန်က ဝန်ကြီးချုပ်နေရာ ရဖို့ နီးစပ်မှာပါ။ သူ့အနေနဲ့ အခြားပါတီတွေရဲ့ ထောက်ခံမှုကို ဘယ်လောက်အထိ ရယူနိုင်မလဲဆိုတာက အဓိကကျတဲ့ အချက်တစ်ခု ဖြစ်လာမှာပါ။ လွှတ်တော်အမတ်တွေဆီက ၂၄၇ မဲ ရရှိသူဟာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။