ထိုင်းနိုင်ငံမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၉ ခုက အလုပ်လုပ်ကိုင်နိုင်တဲ့ မြန်မာစစ်ဘေးရှောင် ၄၂,၀၀၀ ကို အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီး နန်းဆာဝ် သီရရတ်က ထပ်ပြီး အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီအစီအစဥ် လူသားချင်းစာနာထောက်ထားမှုနဲ့ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒီအစီအစဉ်ကြောင့် မြန်မာစစ်ဘေးရှောင်တွေ အနေနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပြီး အလုပ်လုပ်ကိုင်လိုတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အနေနဲ့
၁။ ခွင့်ပြုချက်ရယူခြင်း
ပထမဆုံးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီမှာ ကိုယ့်ရဲ့အခြေအနေကို စစ်ဆေးခံပြီး ယာယီခိုလှုံရာနေရာအပြင်ဘက်ကို ထွက်ခွာခွင့် တောင်းခံရပါမယ်။ ဒါက တရားဝင် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
၂။ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ အာမခံထားရှိခြင်း
အလုပ်လုပ်ခွင့်ရဖို့အတွက် နောက်တစ်ဆင့်ကတော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေးအာမခံထားရှိရပါမယ်။ ဒီအဆင့်ဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းဖို့နဲ့ အလုပ်လုပ်နေရင်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင် အထောက်အကူရဖို့အတွက် ဖြစ်ပါတယ်။
၃။ အလုပ်လုပ်ခွင့်လျှောက်ထားခြင်း
ဒီအဆင့်နှစ်ခု ပြီးသွားပြီဆိုရင် အလုပ်သမားဝန်ကြီးဌာနကို အလုပ်လုပ်ခွင့်လျှောက်လွှာ တင်ရပါမယ်။ လျှောက်လွှာကို ခွင့်ပြုပြီးတာနဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရရှိမှာဖြစ်ပြီး အလုပ်လုပ်ခွင့် ပါမစ်သက်တမ်းက ၁ နှစ် ဖြစ်ပါတယ်။အလုပ်လုပ်ကိုင်ခွင့်ရှိပြီးတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ထိုင်းနိုင်ငံသားတွေအတွက် တားမြစ်ထားတဲ့လုပ်ငန်းတွေကလွဲပြီး တခြားဘယ်လုပ်ငန်းမှာမဆို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ Thairath သတင်းကဖော်ပြပါတယ်။