၆ ဦး အဖမ်းခံရပြီး ကုန်များအသိမ်းခံရ
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဖာဂျရွန်းဈေးမှာ မြန်မာနိုင်ငံသား ဈေးသည်တွေအချင်းချင်း ခိုက်ရန်ဖြစ်ပွါးခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် နှစ်ရက်ဆက်တိုက် ဈေးဝယ်သူတွေနဲ့ ယာဉ်အသွားအလာအခက်အခဲများကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်များအရ မြန်မာဈေးသည် အမျိုးသမီးတွေဟာ ငရုတ်သီးကြွေးမြီကိစ္စနဲ့ အချင်းများရာမှ အုပ်စုဖွဲ့ရန်ဖြစ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစျေးဟာ မြန်မာဈေးသည်များ အများဆုံး ဈေးရောင်းချရာ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို ရန်ပွဲဖြစ်ပွားပြီးနောက် ဒီကနေ့ နံနက်ပိုင်းမှာ ထိုင်းအာဏာပိုင်များက ဈေးအတွင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားဝင်အထောက်အထားမရှိဘဲ ဈေးရောင်းချသူ ၆ဦးကို ဖမ်းဆီးကာ ကုန်ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ Thairath သတင်းအရ သိရပါတယ်။