ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်ရှိ အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး ခေါင်လမ်အမျိုးသားဥယျာဉ်အတွင်း ခြေရာခံလိုက်လံရှာဖွေရာ တရားမဝင် မြန်မာအလုပ်သမား ၁၀၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့အတွက် ၄ ရက်ကြာ ခရီးနှင်ခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့က ခေါင်လမ်အမျိုးသားဥယျာဉ်က ကင်းလှည့်အဖွဲ့ဟာ ဝချီရာလုံကွန်ဆည်အနီးက တောအုပ်တစ်ခုမှာ လူအများအပြားရဲ့ ခြေရာတွေကို တွေ့ရှိခဲ့တာကြောင့် ခြေရာခံလိုက်လံရှာဖွေခဲ့ရာမှ အမျိုးသား ၆၂ ဦးနဲ့ အမျိုးသမီး ၃၈ ဦး အပါအဝင် မြန်မာအလုပ်သမား ၁၀၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ပစ္စည်းတွေကို ရှာဖွေစစ်ဆေးခဲ့ပေမယ့် တရားမဝင် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
စကားပြန်တစ်ဦးကနေတစ်ဆင့် မေးမြန်းခဲ့ရာမှာ အဆိုပါအလုပ်သမားတွေဟာ မြန်မာနိုင်ငံရဲ့ မြို့အသီးသီးကနေ ဘုရားသုံးဆူမြို့နယ်မှာ စုဝေးခဲ့ကြတာလို့ သိရပါတယ်။ အဲဒီနောက် မြန်မာလမ်းပြတစ်ဦးနဲ့အတူ သဘာဝလမ်းကြောင်းအတိုင်း လမ်းလျှောက်ပြီး ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေအနေနဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားဖို့အတွက် တောလမ်းတွေ၊ ကားလမ်းတွေနဲ့ ရေကြောင်းလမ်းတွေကို အသုံးပြုပြီး ၄ ရက်ကြာ ခရီးနှင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်တွေမှာ အလုပ်လုပ်ဖို့အတွက် ကားနဲ့လာခေါ်မယ့်အချိန်ကို စောင့်နေကြတုန်း တာဝန်ရှိသူတွေက ကြိုတင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ အလုပ်သမားတွေအားလုံးကို ဆန်ခလာဘူရီရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ MGR သတင်းမှာ ဖော်ပြထားပါတယ်။