ဖူးခက်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Immigration Detention Room) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။
မထိုက်ဒါလီ လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ထိန်းသိမ်းရေးအခန်းထဲမှာရှိတဲ့ သံတိုင်တွေမှာ သူမရဲ့ဘောင်းဘီရှည်နဲ့ ချည်နှောင်ပြီး ကြိုးဆွဲချခဲ့တာဖြစ်တယ်လို့ CCTV မှတ်တမ်းတွေအရ သိရပါတယ်။ အဲဒီအချိန် အခန်းထဲမှာ အခြားအမျိုးသမီးအချုပ်သားနှစ်ဦးလည်း ရှိနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖူးခက်မြို့ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ မထိုက်ဒါလီဟာ သြဂုတ် ၁၅ ရက်က ဖူးခက်ခရိုင် အကျဉ်းထောင်မှ လွတ်မြောက်လာသူလို့ သိရပါတယ်။သူမကို သန်လန်မြို့မ ရဲစခန်းမှ ရဲအရာရှိများက ပတောင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့မှာတော့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားဖို့ ဖူးခက် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လက်ရှိမှာတော့ သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် သတ်မှတ်ထားကြောင်း phukhetnews က ဖော်ပြပါတယ်။