ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေရဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်လာကြောင်း ထိုင်းမီဒီယာ The Nation က ထောက်ပြပါတယ်။ အဓိက အကြောင်းရင်းကတော့ ဒီနိုင်ငံတွေမှာ စီးပွားရေးနဲ့ နိုင်ငံရေး မပြေလည်မှုတွေကြောင့် ဖြစ်ပြီး မကြာသေးခင်က ဆက်တိုက် ဖမ်းဆီးရမိတဲ့ အလုပ်သမားတွေဟာ ဒီအချက်ကို ပိုပြီး ပေါ်လွင်စေပါတယ်။
ဥပမာအနေနဲ့ ကလေးငယ်နှစ်ဦးပါတဲ့ ကမ္ဘောဒီးယား ၁၀ ဦးအဖွဲ့ဟာ နေထိုင်ရပ်တည်စရာ ဝင်ငွေမရှိလို့ ဖိနပ်ဆေးတဲ့အလုပ်လုပ်ဖို့ ထိုင်းကို ရောက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာလုပ်သား ၆ ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့ကလည်း ဆောက်လုပ်ရေးလုပ်ဖို့ ကမ္ဘောဒီးယားကိုသွားခဲ့ပေမယ့် အလုပ်လက်မဲ့ဖြစ်ပြီးနောက် ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်ဖို့ ကြိုးစားခဲ့ကြရင်း ဖမ်းဆီးခံလိုက်ရပါတယ်။ ဒီလိုခရီးလမ်းအတွက် သူတို့ဟာ လမ်းပြတွေကို ငွေကြေးအမြောက်အမြား ပေးခဲ့ရပါတယ်။
“နေထိုင်စားသောက်ဖို့ ဝင်ငွေမရဘူး” လို့ ဖမ်းဆီးခံရတဲ့ ကမ္ဘောဒီးယားလုပ်သားတချို့က သူတို့နိုင်ငံအကြောင်းကို ရဲတွေဆီ ဝန်ခံကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ လူမှောင်ခိုပို့ဆောင်ပေးတဲ့ဂိုဏ်းတွေက အခွင့်အရေးယူပြီး အလုပ်သမားတွေကို လိမ်လည်နေတာမျိုးတွေလည်း ရှိနေပါတယ်။ မြန်မာလုပ်သားတချို့ဟာ ကမ္ဘောဒီးယားမှာ အလုပ်ရမယ်ဆိုတဲ့ ကတိတွေနဲ့ ဆွဲဆောင်ခံရပြီးနောက် ကောလ်စင်တာ ငွေလိမ်လုပ်ငန်းတွေနဲ့ နယ်စပ်ကာစီနိုတွေမှာ အဓမ္မခိုင်းစေခံနေရတယ်လို့ သံသယရှိတာကြောင့် အာဏာပိုင်တွေက ဒီကွန်ရက်တွေအပေါ် စုံစမ်းတာတွေ တိုးချဲ့လုပ်ဆောင်နေပါတယ်။
ဒီဖြစ်ရပ်တွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြင်းထန်တဲ့စီးပွားရေးအခက်အခဲတွေကြောင့် လူတွေဟာ အန္တရာယ်ရှိတဲ့နည်းလမ်းတွေကို ရွေးချယ်နေကြရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
သတင်း – Thenation