စမူပကန်မြို့က အသီးစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမား ၁၂၀ ဦးဟာ လစာနဲ့ အချိန်ပိုကြေးတွေ မရရှိပဲ အလုပ်ဆက်လုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင်လအတွက် လစာကို ဘတ် ၃၀၀၀ ပဲထုတ်ပေးပြီး အချိန်ပိုကြေး ၁လခွဲစာကိုလည်း လုံးဝမပေးတာကြောင့် အလုပ်သမားတွေအနေနဲ့ အခတ်အခဲတွေကြုံတွေ့ရခဲ့ပြီး MHAC ကိုအကူအညီတောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် MHAC နဲ့ NUG အလုပ်သမားဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဩဂုတ်လ ၇ ရက်နေ့က သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အလုပ်ရှင်ဘက်က လုပ်ခလစာနဲ့ OT ကြေးများကို အလုပ်သမားများအတွက် ပြန်လည်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
“လုပ်ခလစာ၁ လစာနဲ့ အချိန်ပိုကြေး ၁ လခွဲစာကို မပေးတာပါ။ လစာကိုအပြည့်မထုတ်ပေးဘူး တစ်ယောက် ၃ ထောင်ပဲပေးတယ်။ OT ကြေးကိုတော့လုံးဝမထုတ်ပေးတာပါ။ အခန်းခတွေပေးဖို့ရှိတယ်ဆိုပြီး ညဉ့်နက်အထိ အလုပ်ရုံမှာစောင့်ပြီးတောင်းပေမယ့်လဲ မပေးဘူး။ ဒါကြောင့် MHACကို အကူအညီတောင်းလာပြီး နောက်ရက်မှာပဲ ၁၈ ရက်နေ့မှာ အကုန်ပြန်ထုတ်ပေးဖို့ အာမခံလက်မှတ်ထိုးပေးပါမယ်ဆိုပြီး ဆက်သွယ်လာပါတယ်။နောက်လတွေလဲပုံမှန်အတိုင်းထုတ်ပေးသွားမယ်ပြောပါတယ်လို့” MHAC မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။