မဲဆောက်-တာ့ခ် အဝေးပြေးလမ်းမကြီးပေါ်က ကီလိုမီတာ ၂၄+၆၀၀က လမ်းပိုင်းတစ်ခုဟာ ၂.၅ မီတာလောက် ပြိုကျသွားလို့ လမ်းသွားလမ်းလာ ယာဉ်တွေအနေနဲ့ အန္တရာယ်ရှိကြောင်း တာ့ခ်ခရိုင် အဝေးပြေးလမ်းဦးစီးဌာနက သတိပေးလိုက်ပါတယ်။ဒီလမ်းပြိုကျတာက မဲဆောက်ကနေ တာ့ခ်ဘက်ကို သွားတဲ့လမ်း ဖာဝေါနတ်ကွန်းနားမှာပါ။ အဲ့ဒီနေရာကနေ ၂ ကီလိုမီတာလောက်ရှိတဲ့ လမ်းပိုင်းတစ်ခုလုံးကို ပိတ်ထားရပြီး ကားတွေကို မဲဆောက်ဘက်ကို ဝင်တဲ့လမ်းကနေပဲ တစ်လမ်းမောင်းစနစ်နဲ့ သွားခွင့်ပြုထားတယ်လို့ သိရပါတယ်။
လမ်းပြိုကျတဲ့နေရာမှာ တာ့ခ်ခရိုင် အဝေးပြေးလမ်းဦးစီးဌာနက ဝန်ထမ်း ၃၀ လောက်နဲ့ ပြင်ဆင်နေပြီး ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ လမ်းအောက်က မြေသားတွေ ထပ်မပြိုအောင် သံပြားတွေ ထိုးစိုက်တာကိုလည်း လုပ်နေပြီး ရေရှည်ဖြေရှင်းဖို့အတွက် မြေအင်ဂျင်နီယာကျွမ်းကျင်သူကိုလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
လမ်းပြိုတာဟာ ဖာဝေါတောင်ကနေ စီးဆင်းလာတဲ့ ရေတွေ စုတဲ့နေရာဖြစ်တာကြောင့်ဖြစ်ပြီး ပုံမှန်ဆို မိုးရွာရင် ပြဿနာမရှိပေမယ့် ဒီနှစ်မှာ ၂ ပတ်နီးပါး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြေအောက်ရေစီးကြောင်းတွေကို တိုက်စားပြီး မြေပြို၊ လမ်းပြိုသွားတာလို့ သိရပါတယ်။ဒီနေရာက တောင်တက်၊ တောင်ဆင်းလမ်းဖြစ်လို့ ကုန်တင်ကားတွေအပါအဝင် ယာဉ်တွေက အရှိန်နဲ့ မောင်းနှင်ကြတယ်လို့ ဆိုပါတယ်။
လမ်းအောက်ကနေ ဆူညံသံတွေ ဆက်ကြားနေရပြီး လမ်းထပ်ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေသေးတာကြောင့်
မိုးဆက်ရွာနေရင် မြေတွေက ထပ်ပြိုကျနေမှာဖြစ်ပြီး ဒီနေရာကနေ ဖြတ်သန်းမောင်းနှင်တဲ့ ပြည်သူတွေအားလုံး သတိထားပြီး မောင်းနှင်ကြဖို့နဲ့ ယာဉ်စည်းကမ်း လိုက်နာပြီး ဖြည်းဖြည်းချင်း မောင်းနှင်ပေးကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
သတင်း – matichon