ထိုင်းနိုင်ငံရဲ့ မိုးလေဝသဌာန (TMD) က နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့တွင် အဆိုးဆုံးသက်ရောက်မှုရှိနိုင်ပြီး ပြည်နယ် ၂၄ ခုမှာ ရုတ်တရက်ရေကြီးမှု၊ မြစ်ရေလျှံမှုနဲ့ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်အန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအပေါ်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးအများဆုံးရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် မဲဟောင်ဆောင်၊ ချင်းမိုင်၊ တပ်ခ်နဲ့ ကန်ချနာဘူရီ တို့လို နေရာတွေကို အန္တရာယ်အရှိဆုံးနေရာတွေအဖြစ် သတ်မှတ်ထားပြီး ရုတ်တရက်ရေကြီးတာနဲ့ မြစ်ရေလျှံတာတွေ ဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
အန်ဒမန်ပင်လယ်အပေါ်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့အပေါ်ပိုင်းတို့မှာ လှိုင်းအမြင့် ၂မီတာမှ ၃မီတာအထိ ရှိနိုင်ပြီး မိုးကြိုးမုန်တိုင်းဖြစ်ပွားတဲ့ နေရာတွေမှာဆိုရင် ပိုမိုမြင့်တက်နိုင်ပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်အခြေအနေတွေကြောင့်လှေငယ်တွေအနေနဲ့ ကမ်းပေါ်မှာပဲ ဆက်နေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပြီး အနည်းဆုံး တစ်ရက်လောက် ပင်လယ်ခရီးသွားလာရေးမှာ အန္တရာယ်များတယ်လို့ သတိပေးထားပါတယ်။ ဘန်ကောက်မှာ ကျောက်ဖရားမြစ်ရေတိုးလာမှုကို စောင့်ကြည့်နေတဲ့ အခြေအနေ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
KhaoSod သတင်းဌာနရဲ့ ဖော်ပြချက်အရ အနောက်ပစိဖိတ်သမုဒ္ဒရာမှာ ဝိဖာမုန်တိုင်း အားပျော့သွားပေမယ့် မုန်တိုင်းအသစ် သုံးခု ထပ်မံဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီမုန်တိုင်းတွေဟာ ထိုင်းနိုင်ငံကို ထိခိုက်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းထားပေမယ့် အာဏာပိုင်တွေကတော့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – thaiger