ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က မိဘတွေအတွက် အလုပ်ခွင်မှာ ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဥပဒေအသစ်တစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေအရ အမျိုးသမီးဝန်ထမ်းတွေအတွက် မီးဖွားခွင့်ကို ၉၈ ရက်ကနေ ရက် ၁၂၀ အထိ တိုးမြှင့်ပေးလိုက်သလို ဖခင်တွေအတွက်ပါ ကလေးပြုစုစောင့်ရှောက်ဖို့ ခွင့်ရက်တွေ ရရှိတော့မှာပါ။
ဥပဒေအသစ်မှာ ဖခင်တွေအနေနဲ့ ကလေးစောင့်ရှောက်ဖို့အတွက် အလုပ်ရက် ၁၅ ရက်အထိ လစာအပြည့်နဲ့ ခွင့်ယူနိုင်မယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ ကျန်းမာရေးမကောင်းတာ၊ မူမမှန်တာ ဒါမှမဟုတ် မသန်စွမ်းတာမျိုးတွေ ဖြစ်လာခဲ့ရင် အမျိုးသမီးဝန်ထမ်းတွေအနေနဲ့ ကလေးကို ဆက်လက်ပြုစုစောင့်ရှောက်ဖို့ ကြာရှည်ခွင့်ယူနိုင်ခွင့် တွေကိုလည်း တိုးချဲ့ပေးထားပါတယ်။
ဖခင်တွေ အနေနဲ့ ဇနီးသည် မီးဖွားပြီးရင် ကူညီဖို့နဲ့ ကလေးပြုစုစောင့်ရှောက်ရေး တာဝန်တွေကို ကူညီဖို့အတွက်ပါ ခွင့်ယူနိုင်မှာဖြစ်ပါတယ်။မီးဖွားခွင့်ယူတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဝန်ထမ်းတွေ အတွက် လစာပေးတဲ့ရက်တွေ ပိုများလာမှာဖြစ်ပြီး အလုပ်ရှင်တွေအနေနဲ့ ခွင့်ကာလတစ်လျှောက်လုံး ပုံမှန်လုပ်ခရဲ့ ၅၀ ရာခိုင်နှုန်း ကို ဆက်လက်ပေးဆောင်ရမှာပါ။
အောက်လွှတ်တော်ကနေ အတည်ပြုပြီးတဲ့နောက်မှာ ဒီအလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဥပဒေပြင်ဆင်ချက်ကို အထက်လွှတ်တော်က နောက်ဆုံးစိစစ်သုံးသပ်မှု တွေ ပြုလုပ်သွားမှာဖြစ်ပြီး အတည်ပြုပြီးရင်တော့ ဥပဒေအဖြစ် အသက်ဝင်လာတော့မှာပါ။ ဒီမူဝါဒအပြောင်းအလဲဟာ မိဘဘဝရဲ့ အရေးကြီးတဲ့ ကနဦးကာလတွေမှာ အလုပ်လုပ်နေတဲ့ မိသားစုတွေကို ပိုမိုပံ့ပိုးပေးနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ လုပ်သားစံနှုန်းတွေကို ခေတ်နဲ့အညီ မြှင့်တင်ဖို့ ကြိုးစားအားထုတ်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : khaosod / aseannow