ထိုင်းနိုင်ငံ ပတ္တရားမှာ နိုင်ငံခြားသားခရီးသည်တစ်ဦးက တက္ကစီခကို ပိုက်ဆံအစား ဆေးခြောက်နဲ့ ပေးချေဖို့ ကြိုးပမ်းခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် တက္ကစီယာဉ်မောင်းက ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အင်္ဂါနေ့ မနက်ပိုင်းက နိုင်ငံခြားသား ဧည့်သည်တစ်ဦးကို သုဝဏ္ဏဘူမိလေဆိပ်ကနေ ပတ္တရားကဟိုတယ်တစ်ခုကို ပို့ဆောင်ပေးဖို့ တက်စီခ ဘတ် ၂၀၀၀ နဲ့သဘောတူခဲ့တယ်လို့ဆိုပါတယ်။ တက္ကစီခကို ဟိုတယ်ရောက်တဲ့အခါ ခရီးသည်ရဲ့ဇနီးဖြစ်သူက ရှင်းပေးမယ်လို့ဆိုပေမယ့် ဟိုတယ်ရောက်တဲ့အခါ ခရီးသည်အနေနဲ့ ဘတ် ၉၀၀ ပဲပေးခဲ့ပြီး ၎င်းရဲ့ဇနီးဖြစ်သူကလည်း ဘတ် ၅၀ သာရှိတယ်လို့ဆိုပါတယ်။
တက္ကစီယာဉ်မောင်းက ကျန်ငွေ ၁၀၅၀ ကိုတောင်းရာမှ ခရီးသည်က ပိုက်ဆံမရှိဘူးဆိုကာ ပိုက်ဆံအစား ဆေးခြောက်ထုတ်တစ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးခြောက်ထုတ်ကို လက်မခံပဲ ရဲတိုင်မည်ဟုပြောရာမှာ ခရီးသည်စုံတွဲက ဒေါသထွက်ကာ ပိုက်ဆံမပေးပဲ ဟိုတယ်ထဲပြေးဝင်သွားတာကြောင့် ကျန်တဲ့ တက္ကစီခကို မရခဲ့ဘူးလို့ဆိုပါတယ်။
တက်စီယာဉ်မောင်းအနေနဲ့ ဒီဖြစ်ရပ်ကြောင့် အတော်လေး စိတ်ပျက်ရပြီး တက္ကစီယာဉ်မောင်းတွေအနေနဲ့ ခရီးသွားတွေကို မကောင်းမြင်အောင် ပြုမူတာတွေက သတင်းတွေမှာ မကြာခဏ ပါတတ်ပေမယ့် ဒီတစ်ခါတော့ ၎င်းကိုယ်တိုင် ခံစားရတာဖြစ်ပြီး ဘာလုပ်ရမှန်းမသိတာကြောင့် ရဲကိုအကူအညီ လာရောက်တောင်းခံရခြင်း ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။
သတင်း – Bangkokpost