ဇူလိုင်လ ၂ ရက်နေ့ညက ဖူးကတ်မြို့ ၊ ကာရွန်မြို့နယ်မှာ မြန်မာနိုင်ငံသား အလုပ်သမားတွေအချင်းချင်း ဓားထိုးမှုဖြစ်ပွါးခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ည ၁၀ နာရီ ၄၅ မိနစ်လောက်က ကာရွန်ရဲစခန်းရဲ့ မျက်နှာချင်းဆိုင်၊ ပါတက်ခ်ဆွိုင် ၁၆ လမ်းထဲက အငှားအိမ်ရှေ့မှာ မြန်မာနိုင်ငံသားတွေ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးနေကြတယ်လို့ သတင်းရရှိခဲ့တာကြောင့် ရဲတွေကသွားရောက် စစ်ဆေးရာမှာအမျိုးသားနှစ်ဦးက သွေးအိုင်ထဲမှာ လဲကျနေပြီး ဓားဒဏ်ရာတွေနဲ့ သတိမေ့နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းတို့ကို ဆေးရုံပို့ဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဦးစလုံး ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်မှာ ဝင်ရောက်ဖြန်ဖြေပေးခဲ့တဲ့ မြန်မာအမျိုးသားတစ်ဦးလည်း ခြေထောက်မှာ ဓားနဲ့ထိုးခံရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ ကနဦးစစ်ဆေးမှုတွေအရ သေဆုံးသူနှစ်ဦးဟာ အသက် ၂၄ နှစ်နဲ့ ၂၀ နှစ်အရွယ် မြန်မာအမျိုးသားတွေဖြစ်ပြီး အမျိုးသမီးတစ်ဦးတည်းကို ချစ်ကြိုက်ရာကနေ ပြဿနာဖြစ်ပြီး အချင်းချင်း ဓားနဲ့ထိုးခဲ့ကြတာလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ စကားပြောဖို့ ချိန်းဆိုခဲ့ကြပေမယ့် ပြေလည်မှုမရခဲ့ဘဲ အခုလို ထိုးကြခုတ်ကြတဲ့အထိ ဖြစ်သွားခဲ့တာပါ။
ကာရွန်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများအနေနဲ့ ဖြစ်စဉ်အား အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါဓားထိုးမှုသည် ချစ်ရေးကိစ္စကြောင့် ဖြစ်ပွါးခဲ့ကြတာဖြစ်တယ်လို့ ကနဦးသုံးသပ်ထားပြီး အမှုရဲ့ အဓိကအကြောင်းရင်းကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ MGR သတင်းအရ သိရပါတယ် ။
သတင်း – mgronline