၂၀၂၅ ၊ဇူလိုင် ၁ ရက်နေ့ကစပြီး ဘန်ကောက်မြို့နဲ့ ခရီးသွားလုပ်ငန်းတွေအချို့မှာ တနေ့လုပ်အားခ ၃၇၂ ဘတ်ကနေ ဘတ် ၄၀၀ ကို တိုးမြှင့်ဖို့ လုပ်ခလစာကော်မတီက တရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီနှုန်းထားအသစ်တွေက၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ ဆုံးဖြတ်ချက်ပေါ် အခြေခံထားတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစပြီး အကျုံးဝင်မှာပါ။
တစ်ရက် ၄၀၀ ဘတ် နှုန်းထား ဘယ်သူတွေရမလဲ
ဘန်ကောက်အပြင် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ရရှိမယ့် ဒေသတွေအနေနဲ့
- ချာချွန်ဆောင်း (Chachoengsao)
- ချွန်ဘူရီ (Chonburi)
- ဖူးခက် (Phuket)
- ရနောင်း (Rayong) နဲ့
- ဆူရတ်ဌာနီ (Surat Thani) ပြည်နယ်က ကိုးဆာမွီ (Ko Samui) ခရိုင် တို့မှာရှိတဲ့ လုပ်ငန်းအမျိုးအစား အားလုံးအနေနဲ့လည်း တနေ့လုပ်အားခ ဘတ်၄၀၀ ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် ခရီးသွားလာရေးနဲ့ ဝန်ဆောင်မှုကဏ္ဍမှာပါဝင်တဲ့ ကြယ်နှစ်ပွင့်အထက်ရှိဟိုတယ်တွေနဲ့ အခန်း ၅၀ နဲ့အထက် ဟိုတယ်တွေ ၊ ကာရာအိုကေ၊ ဘားနဲ့ တခြားဖျော်ဖြေရေးလုပ်ငန်းတွေမှာအလုပ်လုပ်နေတဲ့သူတွေအနေနဲ့လည်း တနေ့ ၄၀၀ ဘတ် စတင်ရရှိမှာဖြစ်ပါတယ်။
ဒါပေမယ့် တခြားပြည်နယ်တွေက အလုပ်သမားအများစုအတွက်တော့ လုပ်ခလစာဟာ အရင်ကထွက်ထားတဲ့ ၂၀၂၄ ဒီဇင်ဘာက သတ်မှတ်ချက်အတိုင်းသာရှိနေဦးမှာဖြစ်ပါတယ်။
အခြားပြည်နယ်တွေမှာတော့ ဒေသအလိုက် လုပ်ခလစာကွာခြားမှုရှိပြီး သတ်မှတ်ထားတဲ့ တစ်နေ့လုပ်အားခတွေ အနေနဲ့
၃၈၀ ဘတ်
- ချင်းမိုင်မြို့နယ် (Mueang Chiang Mai) ဟတ်ယိုင် (Hat Yai – ဆုန်ခလာ)
၃၇၂ ဘတ်
- နခွန်ပါထုံ ၊ နွန်ထဘူရီ၊ ပါထုံးဌာနီ ၊ ဆာမွတ်ပရာကန် ၊ ဆာမွတ်ဆာခွန်
၃၅၉ – ၃၅၀ ဘတ်
- နခွန်ရတ်ချသီမာ – ၃၅၉ ဆာမွတ်ဆုန်ခရမ် – ၃၅၈၊ အယုဒ္ဓယ၊ ဆာရာဘူရီ၊ ခွန်ကမ် – ၃၅၇၊ လော့ပ်ဘူရီ – ၃၅၆ ၊ နခွန်နာယွတ်၊ ဆူဖန်ဘူရီ၊ နွန်ခိုင် – ၃၅၅ ၊ ကရာဘီ၊ ထရတ် – ၃၅၄ ၊ တချို့ခရီးသွားသွားသောပြည်နယ်တွေအပါအဝင် ၁၄ ပြည်နယ် – ၃၅၂ ၊ ဆူရင်၊ ဖစ်ချဘူရီ၊ ချွန်ဖွန် – ၃၅၁ ၊ လမ်ဖွန်၊ ယာဆော့ထုံ၊ နခွန်ဆဝမ် – ၃၅၀
၃၄၉ – ၃၄၅ ဘတ်
- ကာလာစင်၊ ရွိုင်အက် – ၃၄၉ ၊ ချိုင်ယာဖူမ်၊ ဖတ်ထလွန်၊ စင်ဘူရီ – ၃၄၈ ၊ မဲဟောင်ဆွန်၊ လိုအီ၊ လမ်ပန်၊ ရနောင် – ၃၄၇ ၊ ထရန်၊ နန်၊ ဖယာအို၊ ဖရေ – ၃၄၅
၃၃၇ ဘတ် (အနိမ့်ဆုံး)
- နရာဓိဝတ် ၊ ပတ်တာနီ ၊ ယာလာ
အလုပ်ရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာထက် လျှော့ပြီး ပေးချေတာကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ဒီလို လုပ်ခလစာ တိုးမြှင့်တာဟာ ထိုင်းနိုင်ငံမှာရှိတဲ့ လုပ်သားတွေရဲ့ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
သတင်း – thaiger/pattyanews