ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ်မှာ တရုတ်နိုင်ငံသားအချင်းချင်းကို လိမ်လည်နေတဲ့ call center တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ မြန်မာအပါအဝင် သံသယရှိသူ ၁၇ ဦးကို ဖမ်းမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆက်စပ်သူတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေမှာ တရုတ်နိုင်ငံသား ၁၅ ဦး နဲ့ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၇ ဦး ပါဝင်ပြီး သံသယရှိသူတွေအနေနဲ့ ချင်းမိုင်မြို့နယ်၊ ဟန်ဒုန်းမြို့နယ်ခွဲထဲက အိမ်တစ်အိမ်မှာ အွန်လိုင်းကနေတစ်ဆင့် လိမ်လည်မှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးမှုအတွင်း လိမ်လည်မှုတွေအတွက် အသုံးပြုတဲ့ ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ ၁၀ လုံး နဲ့ လက်ကိုင်ဖုန်း ၂၆ လုံး ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို ဒေသခံရဲတပ်ဖွဲ့ ၅ ရဲ့ ကွပ်ကဲရေးမှူး ဒုတိယရဲချုပ် ဦးဆောင်ပြီး ရဲမှူးချုပ် နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တို့က ပူးပေါင်းဖမ်းဆီးခဲ့တာပါ။ လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေးနေပြီး ပါဝင်ပတ်သက်နေတဲ့ တခြားသူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – Chinagmai News