ထိုင်းနိုင်ငံရေး မတည်ငြိမ်သဖြင့် အလုပ်ပြောင်း ကိစ္စများ သတိထားရမည်
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ ချာချင်ဆောင် ၊နောင်စာတစ်ဆွယ် (၁) ရှိ မီးကြိုးအဟောင်းရုံတွင် ဇွန်လ ၁၅ ရက်နေ့က မြန်မာအလုပ်သမား ၁၈၀ ဦးကို ကြိုတင်အသိမပေးပဲ စက်ရုံပိတ်သိမ်းမယ်ဆိုကာ အလုပ်ထုတ်လိုက်ပြီး ၁၀ ရက်စာ လုပ်ခလစာလဲ မပေးဘူးလို့ သိရပါတယ်။
မြန်မာအလုပ်သမားများအနေနဲ့ ၎င်းစက်ရုံမှာ အနည်းဆုံး ၂ နှစ်မှ ၈ နှစ်အထိ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ဇွန် ၂၈ ရက်နေ့မှာ စက်ရုံကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း စက်ရုံပိုင်ရှင်က ရုတ်တရက် အကြောင်းကြားခဲ့ပြီး ၊ စက်ရုံပိတ်သိမ်းတာကြောင့် အလုပ်လက်မဲ့ ဖြစ်ရသည့်အပြင် ၎င်းတို့၏ လုပ်အားခ ၁၀ ရက်ကျော်စာကိုလည်း မရရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားများအနေနဲ့ ဘတ်ရိုက်ခြင်း (work permit) ကိစ္စတွေနဲ့ ပက်စပို့သက်တမ်းတိုးခြင်း ကိစ္စတွေအတွက် ငွေပေးသွင်းထားပြီးဖြစ်ပေမယ့် စက်ရုံပိုင်ရှင်က တာဝန်မယူနိုင်တော့ကြောင်း အလုပ်သမားတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။
“ အခုလက်ရှိ ကာလ ၂ နှစ်ဗီဇာ သက်တမ်းတိုးတဲ့အချိန် သူဌေးပြောင်းဖို့ အရမ်းခက်ခဲတဲ့အတွက် အလုပ်ရွေ့ပြောင်းဖို့ ကိစ္စတွေ သတိထားစေချင်တယ်။ လက်ရှိလည်း ထိုင်းနိုင်ငံမှာလဲ သူတို့ အစိုးရမတည်မငြိမ်ဖြစ်နေချိန်မှာ ရွေ့ပြောင်းအလုပ်သမားတွေ အလုပ်ပြောင်းဖို့ ကိစ္စတွေ သတိထားစေချင်တယ်။ လက်ရှိ ရှိတဲ့အလုပ်တွေကိုပဲ မှေးပြီး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ WAG Myanmar က ကိုမုန်တိုင်းက ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ သက်တမ်းတိုးကာလမှာ အလုပ်ရွေ့ပြောင်းဖို့လဲ အဆင်မပြေပဲ အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် (WAG) အလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့မှာတော့ WAG အဖွဲ့မှ တာဝန်ရှိသူတွေက အဆိုပါစက်ရုံသို့ သွားရောက်ကာ အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အမှုကို လက်ခံခဲ့တယ်လို့ သိရပါတယ်။