ဆိုင်ကယ် ဦးထုပ် ဥပဒေနဲ့ ပတ်သက်လို့ ဆိုင်ကယ်ကယ်ရီသမားတွေဆီက တုန့်ပြန်သံတွေ ထွက်လာနေပါပြီ။
ဒီကြားထဲ ခရီးသည်ကပါ မဆောင်းရင် ဒဏ်ငွေနှစ်ဆ ဘတ် ၄၀၀၀ ဆိုတာက အတော်လေး အခက်တွေ့စေတဲ့ နှုန်းထားဖြစ်လို့ ယာဉ်မောင်းတွေ ညည်းတွားနေကြတာပါ။
သူတို့က ဒဏ်ရိုက်တာကို သဘောတူပေမယ့် ဒဏ်ကြေးကို သဘောမတူကြတာပါ။ ဘာလို့လဲဆိုတော့ ခရီးသည် တွေက ဦးထုတ်ဆောင်းဖို့ ငြင်းကြပါတယ်။ အဓိကကတော့ သန့်ရှင်းရေးအတွက် စိုးရိမ်တာနဲ့ ဥပဒေနဲ့ပတ်သတ်ပြီး သေချာမသိတဲ့ အခြေအနေတွေကြောင့်ပါ။ ပတ္တရားလို ခရီးသွားဧည့်သည်ထူထပ်တဲ့နေရာမျိုးမှာ ခရီးသည်တွေကို ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ ပိုလို့ ပြောရခက်ပါတယ်။
ပတ္တရားမှာမော်တော်ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူတစ်ယောက်က “ ဖောက်သည်တွေကို ဦးထုပ်ဆောင်းခိုင်းဖို့ တွန်းအားပေးလို့ မရဘူး။ခရီးသည်က မစီးတော့ရင် ဝင်ငွေဆုံးရှုံးတယ် ဘေးကင်းဖို့အတွက်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဒဏ်ငွေ ဘတ် ၂,၀၀၀ ကတော့ လွန်ပါတယ်။ ၄၀၀-၅၀၀ ဘတ်ဆိုရင် ပိုသင့်တော်မယ်။ အခုဆိုရင် လူတွေအစားအသောက် ရှာဖို့တောင် ခက်နေကြတာ” လို့ပြောပါတယ်။
ထိုင်းမှာ အခြေခံလူတန်းစားတွေအတွက် တနေ့အနည်းဆုံး လုပ်အားခက ၃၀၀ ကျော်ကနေ ၄၀၀ ကြားရှိပါတယ်။ ဆိုင်ကယ်ကယ်ရီ သမားတွေအနေနဲ့ ဒဏ်ငွေ နှစ်ထောင် ဆောင်လိုက်ရပြီဆိုရင် သူ့ရဲ့ တရက်တာဝင်ငွေသာမက အိတ်ထဲကနေပါ စိုက်လိုက်ရနိုင်ပါတယ်။ အခြေခံလူတန်းစားတွေအတွက် ဒီဒဏ်ကြေးက တကယ်ပဲ မျှတရဲ့လားဆိုပြီး အခု ကယ်ရီမောင်းသူတွေ မေးခွန်းထုတ်နေကြတာပါ။
ထိုင်းမှာ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူတွေရဲ့ တစ်ရက်တာပျမ်းမျှဝင်ငွေက ၈၀၀ ကနေ ၉၀၀ကျော် ကြား ရှိပါတယ်။ ဆိုင်ကယ်ဆီဖိုးအပြင် ပြင်ဆင်စရိတ် လိုအပ်တာတွေ ဖယ်လိုက်ရင် တစ်ရက်စာအတွက် အသားတင်ဝင်ငွေက ပိုနည်းသွားပါပြီ။
၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းမနေရစီမံချက်ကို စတင်လိုက်တာပါ။ ဆိုင်ကယ်ဦးထုပ်မဆောင်းရင် ဒဏ်ငွေဘတ်၂၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး မောင်းသူရော လိုက်စီးသူပါမဆောင်းရင်ဘတ် ၄၀၀၀ ဒဏ်ကြေးအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ ဒဏ်ကြေးအသစ်နဲ့ ပတ်သက်လို့ သင်ရော ဘယ်လိုထင်ပါသလဲ။ အောက်မှာ မှတ်ချက် ပေးခဲ့လို့ ရပါတယ်။
Ref – Thaiger, University of Thai Chamber of Commerce, EIR