နှစ်သစ်ကူးပါတီအတွင်း ဝက်သားအစိမ်း သို့မဟုတ် မကျက်တကျက်အသားတွေ စားသုံးခြင်းကို အထူးဂရုပြုကြဖို့နဲ့ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးဌာနက အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် မူကထ နဲ့ ရှာဘူး ကြိုက်သူတွေအတွက်ပါ။ လတ်တလောမှာ Streptococcus suis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါ ကူးစက်မှုတွေ တော်တော်လေး များလာပါတယ်။
ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာ ခရိုင်မှာဆိုရင် ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း ၉၃ ဦး ကူးစက်ခံရပြီး ၁၃ ဦးအထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ နိုင်ငံတစ်ဝှမ်းမှာ သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ဒီရောဂါရဲ့ ကြောက်စရာအကောင်းဆုံးအချက်ကတော့ ရောဂါပျောက်ကင်းသွားရင်တောင် နားအကြားအာရုံ လုံးဝဆုံးရှုံးသွားတာ ဒါမှမဟုတ် ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တော့တာမျိုးတွေ ကျန်ရစ်ခဲ့တတ်တာပါ။ ဒါ့အပြင် ဦးနှောက်အမြှေးရောင်တာ၊ အတက်ရောဂါရတာနဲ့ သွေးထဲပိုးဝင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပြီး သေဆုံးနိုင်ခြေ က ၆.၂ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ သိရပါတယ်။
ဝက်သားစားပြီးနောက် အဖျားကြီးတာ၊ ခေါင်းအရမ်းကိုက်တာ၊ ဇက်ခိုင်တာ၊ အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်လာတာနဲ့ နားထိုင်းသွားတာမျိုး ခံစားရရင်တော့ ဆေးရုံကို အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ရောဂါလက္ခဏာပြပြီး အချိန်မီမကုသနိုင်ရင် သေဆုံးနိုင်ခြေ ၆ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။ဒီရောဂါကနေ ကာကွယ်ဖို့ နည်းလမ်းကတော့ ၁၀၀% ကျက်အောင်ချက်စားဖို့ နဲ့ တူကို သီးခြားခွဲသုံးဖို့ပဲ ဖြစ်ပါတယ်။အသားစိမ်းညှပ်တဲ့တူနဲ့ ပါးစပ်ထဲထည့်တဲ့တူကို ရောမသုံးမိဖို့ အထူးသတိပြုရပါမယ်။ ဒါ့အပြင် လက်မှာ ဒဏ်ရာရှိရင် အသားစိမ်းကို တိုက်ရိုက်မကိုင်ဘဲ လက်အိတ်စွပ်ဖို့ ကျန်းမာရေးဌာနက အကြံပြုထားကြောင်း thaiger သတင်းမှာ ဖော်ပြပါတယ်။
သတင်း – Thaiger